တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ သီပေါ မြို့ကို စစ်ကောင်စီက သီတင်းကျွတ်လပြည့်နေ့မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့၊ မနက် ၇ နာရီ ၄၃ မိနစ်မှာ နမ္မတူမြို့၊ မြို့မစျေးရပ်၊ ရပ်ကွက် ၂ ရှိ ပြည်သူလူထုတွေရှိရာကို ဦးတည်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“တရုတ်နဲ့ သဘောတူညီချက်ယူထားတော့ တရုတ်ကုန်သွယ်ရေးလမ်းမပေါ်ရှိတဲ့ မြို့တွေ အကုန်သိမ်းမှာပဲဗျ။ သီပေါ၊ ကျောက်မဲ၊ နောင်ချို လားရှိုး၊ သိန္နီ၊ ၁၀၅ မိုင် လမ်းတစ်လျှောက်ကမြို့တွေပေါ့”
လို့ တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ဦးက BBM ကိုပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေယာဉ်ဟာ တံတားဦးလေတပ်စခန်းကနေ တက်ရောက်ပြီးကြဲချခဲ့တယ်လို့ N.A.Sက BBMကိုပြောပါတယ်။
“တက်တာက တံတားဦးလေစခန်းကပါ”
လို့ တာ၀န်ရှိသူက BBMကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို လူအင်အား၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတို့မှ တိုက်ခိုက်ပြီး ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။