လွှတ်တော်အတွင်းမှာ လက်ဝဲ၊လက်ယာ အမတ်တွေက လက်ခုပ်ဩဘာပေးပြီး ကြိုဆို
အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ဒေါအောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က အီတလီနိုင်ငံအမျိုးသားလွှတ်တော်ကို သွားရောက်ခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌ အီညာဇီယို လာ ရူစ်ဆာ (Ignazio La Russa)က ဖိတ်ခေါ်မိတ်ဆက်ပေးခဲ့ပြီး လွှတ်တော်ထဲက အမတ်တွေကလည်း သောင်းသောင်းသောင်းဖြဖြကြိုဆို ခဲ့တယ်လို့ ကိုထိန်လင်းက ရေးသားထားပါတယ်။
“ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ လို့ မိတ်ဆက်လိုက်တဲ့အခါ လွှတ်တော်တက်ရောက်နေတဲ့ လက်ဝဲ၊လက်ယာ နိူင်ငံရေးအဖွဲ့၊ နှစ်ဖက်စလုံး မတ်တပ်ထရပ်ပြီး လက်ခုပ်ဩဘာပေးကြတယ်။ အဲဒီအချိန်လေးဟာ နိုင်ငံရေးအမြင်ကွဲပြားမှုများကျော်လွန်ပြီး နှစ်ဖက်အတူတကွ ဂုဏ်ပြုလိုက်တဲ့ အဓိပ္ပာယ်အပြည့်ရှိတဲ့ အခိုက်အတန့်ပါဘဲ။ မေမေ့ လွတ် မြောက်ရေး နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ နိုင်ငံရေးထက် ကျော်လွန်တယ်ဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်။ အဲဒီအခိုက်အတန့်တွေဟာ အမှန်တရားနဲ့ ကြင်နာမှုတို့ဟာ နယ်နမိတ်တွေမရှိဘဲ အမှတ်တရအနေနဲ့ ရှိစေခဲ့တယ်”
လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် အီတလီလွှတ်တော်ရဲ့ နိုင်ငံခြားရေး အထူးကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ပီယာ ဖာဒီနန်ဒို ကာစီနီ (Pier Ferdinando Casini) နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှုရရေးတို့အတွက် ပံပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ကိုထိန်လင်းဟာ အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့မှာလည်း အမေ့အတွက် လူထုအားလုံးပါ၀င်နိုင်တဲ့ Challenge တစ်ခုလုပ်ခဲ့ပါသေးတယ်။
တော်လှန်မင်းသား ခါရာနဲ့ အတူ Kilo ၈၀ challengeကို စတင်ခဲ့ပြီး ပြည်သူလူထုကလည်း ကိုယ်လုပ်နိုင်တဲ့ အရာကို အကြိမ်၈၀တိတိလုပ်ပြီး ပါ၀င် ဆင်နွှဲခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၃ရက်လောက်ကလည်း မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကို စစ်ကောင်စီကို ဖိအားပေးဖို့ တောင်းဆိုထားပါသေးတယ်။
ပုံ-Kimရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားသောပုံ
#BBM#News#UpdateMews#DawAungSanSuKyi#Kim