Sunday, December 21, 2025
Home » မုံရွာမြို့မှာ စစ်ကောင်စီက မြို့ပေါ် ပျော်ပွဲရွှင်ပွဲ လုပ်ပေးပြီး ရွာမှာ ဆီမီးထွန်းသူတွေကို ဗုံးကြဲချ

မုံရွာမြို့မှာ စစ်ကောင်စီက မြို့ပေါ် ပျော်ပွဲရွှင်ပွဲ လုပ်ပေးပြီး ရွာမှာ ဆီမီးထွန်းသူတွေကို ဗုံးကြဲချ

0 16
16

🟥ချောင်းဦးမှာ မီးထွန်းသူတွေကို ပါရာမော်တာနဲ့ ဗုံးကြဲချလို့ ၁၀ ဦးကျော်သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဏာသိမ်း စစ်ကောင်စီက သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေးပြီးနောက် မုံရွာခရိုင်ထဲက ကျေးရွာတွေမှာ ဆီမီးထွန်းသူတွေကို Paramotor – စက်တပ်လေထီး နဲ့ ဗုံးကြဲချလို့ ဒေသခံ ဆယ်ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံမှသိရပါတယ်။

ပြည်သူ့ဥယျာဉ်ခေါ် မုံရွာမြို့ ကျောက္ကာလမ်းနဲ့ အနော်ရထာလမ်းထောင့်က ကွန်ကရစ်တမံသလင်းခင်း ကွင်းပြင်မှာ စစ်ကောင်စီက ပျော်ပွဲရွှင်ပွဲ လုပ်ပေးပြီး တချိန်တည်းမှာပဲ မုံရွာနဲ့ ချောင်းဦးနယ်အစပ် ကျေးရွာတစ်ရွာမှာ သီတင်းကျွတ်ဆီမီးထွန်းနေသူတွေကို ဗုံးကြဲသတ်တာ ဖြစ်ပါတယ်။

မုံရွာခရိုင်၊ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ည ဆီမီးထွန်းသပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့တာကြောင့် ဆယ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေရရှိထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ချောင်းဦးမြို့နယ် မြောက်ခြမ်းတနေရာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန်မှာ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မုံရွာနဲ့ ချောင်းဦးနယ်အစပ်က ဆီမီးထွန်းသပိတ်ကို ပါရာမော်တာနဲ့လာပြီးတော့ ၁၂၀ မမ ဗုံးသီး နှစ်လုံးချပြီး တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ လောလောဆယ် သိရသလောက်ကတော့ ၁၀ ဦးကျော်လောက်ရှိတယ် သေဆုံးတာက။ ဒဏ်ရာရတာတွေကလည်း အတော်လေးများတယ်။ ခြေပြတ် လက်ပြတ်တဲ့သူတွေရော ရှိနေတာ။ ဆေးကုသပေးဖို့ အတော်လေးအခက်အခဲဖြစ်နေတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် သေဆုံးသူ ၁၀ ဦးထက်မနည်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိတယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးဖို့ အခက်အခဲတွေရှိနေတယ်လို့လည်း ဆိုကြပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့နဲ့ သီပေါမြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Leave a Comment

Latest Post

Latest Post