ကျောက်မဲမှာ ပြန်မလာသေးတဲ့ပြည်သူပိုင်နေအိမ်အချို့ကိုဖောက်ထွင်းမှုပြုလုပ်နေသလို စစ်အင်အား ဖြည့်တင်းတာတွေလည်းပြုလုပ်
ရှမ်းမြောက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ သီပေါမြို့နဲ့ (၁၀)မိုင်ကျော်ပတ်ချာလည် အကွာအဝေးသာရှိတော့တဲ့ လွယ်ခေါ်ကျေးရွာ အနီးထိရောက်ရှိလာနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့နောက် ပြည်ထောင်စုလမ်းမပေါ်မှာရှိနေတဲ့ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ယခုအခါ လွယ်ခေါ်ကျေးရွာအထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါလွယ်ခေါ်ကျေးရွာဟာ ကျောက်မဲ-သီပေါလမ်းမပေါ်ရှိ ဗျူဟာအရ အရေးပါတဲ့ ကျင်သီးတံတားနဲ့လည်း နီးကပ်နေပြီဖြစ်ပြီး စစ်တပ်အနေဖြင့် အဆိုပါကျင်သီးတံတားကို ရရှိသွားပါက TNLAရဲ့ သီပေါမြို့ခံစစ်ဟာ ပိုမိုခက်ခဲသွားနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီအနေဖြင့် ကျင်သီးတံတားကိုရရှိဖို့အတွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှစစ်ကြောင်းအပြင် ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှတဆင့်လည်း စစ်ကြောင်းတစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေတာတွေရှိတယ်လို့ သိရပါတယ်။
” စကစ စစ်ကြောင်းတွေက လွယ်ခေါ်ရောက်သွားပြီ၊ ကျင်သီးတံတားရောက်ဖို့ပြည်ထောင်စုလမ်းမကြီးကအပြင် နောက်ထပ်ကျေးရွာချင်းဆက်လမ်းပိုင်းတွေကနေလည်း စစ်ကြောင်းတစ်ကြောင်းထိုးနေတာလည်းရှိပါတယ်၊ ကျောက်မဲ-သီပေါ လမ်းပိုင်းအတွက်ဆိုရင် ကျင်သီးတံတား က အရေးပါပါတယ်”
ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။ ယခုသီပေါမြို့ကိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တော်လှန်ရေးအင်အားစုတွေကြား နောင်ချို၊ကျောက်မဲ ကဲ့သို့ မြေပြင်ထိတွေ့မှုတွေ သိပ်မရှိတော့ဘဲ စစ်ကောင်စီက လေကြောင်းအသာစီး၊ ဒရုန်းအသာစီးဖြင့် စစ်ကြောင်းတိုးနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေဖြင့် ၎င်းတို့ သိမ်းပိုက်ရရှိထားတဲ့ ကျောက်မဲမြို့ကိုလည်း အရပ်သားအစိုးရဝန်းထမ်းတွေအပြင် စစ်အင်အား၊လက်နက်အင်အားများလည်း ဖြည့်တင်းထားပြီး ကျောက်မဲသာမက စစ်ရေးအရ အရေးပါတဲ့ မိုင်းတင်းကျေးရွာမှာပါ စစ်အင်အားအခိုင်အမာတည်ဆောက်နေတယ်လို့ သိရပါတယ်။
“ကျောက်မဲမှာတော့ တပ်အခေါ် အုတ်ပုံတယ်ပေါ့၊ အင်အားတွေစုပြီး အဲ့ကတဆင့် သီပေါဘကမိုင်းလုံဘထွက်တဲ့ဘက် စသဖြင့်ပြန်ဖြန့်တာပေါ့ခင်ဗျာ၊ ပြီးတော့ မိုင်းတင်းရွာကို အခိုင်အမာပြင်နေတယ်”
အဲ့ဒီလို မြေပြင်မှာ အင်အားစုဖွဲ့မှုနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာနဲ့တစ်ပြိုင်တည်း တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေရှိရာနေရာနဲ့ စစ်ရေးအရ အရေးပါတဲ့ သီပေါ၊ နမ့်ဆန်နဲ့ မိုက်ဟုန်းဒေသတွေကိုနေ့စဥ်ဗုံးကြဲတာတွေကို မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါတင်မက ကျောက်မဲမြို့မှာဆိုရင်လည်း စစ်ရှောင်ရာမှပြန်မလာသေးတဲ့ ပြည်သူ့နေအိမ်အချို့မှ တန်းဖိုးကြီးပစ္စည်းတွေကိုဖောက်ထွင်းယူပြီး ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့လည်း အဆိုပါစစ်ရေးသတင်းရင်းမြစ်မှဆက်ပြောပါတယ်။
“အဲ့လိုအင်အားပုံနေတဲ့အချိန် လေကြောင်းကလည်း နေ့စဥ်ဗုံးကြဲတာတွေရှိတယ်၊ ဒီဘက်ကအဖွဲ့တွေကို အနားမရအောင်လုပ်ထားတာပေါ့၊ ပြီးတော့ ကျောက်မဲမှာဆိုရင် နောင်ချိုတုန်းကလို အိမ်ချိပ်ပိတ်တာတွေမလုပ်သေးဘူးဆိုပေမဲ့ အဲ့ထက်ဆိုးတဲ့ အိမ်ဖောက်ပစ္စည်းယူတာတွေလုပ်တယ်၊ ပြီးရင်ဖျက်ဆီးတယ်”
စစ်ကောင်စီအနေဖြင့် ၎င်းတို့ပြန်လည် သိမ်းပိုက်ရရှိတဲ့မြို့တွေမှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ဒေသခံစစ်ရှောင်ပြည်သူတွေကို ပြန်လည်လာရောက်နေထိုင်ရန် နည်းမျိုးစုံဖြင့် စည်းရုံးပြောဆိုမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။