Sunday, December 21, 2025
Home » ဖားကန့်မြို့နယ်တွင်းရှိ မလန်းကျေးရွာကို ရရှိဖို့ စစ်တပ်က မြေပြင်အင်အား(၁၀၀)ကျော်အပြင် လေကြောင်းဗုံးကြဲတာတွေလုပ်ဆောင်နေ

ဖားကန့်မြို့နယ်တွင်းရှိ မလန်းကျေးရွာကို ရရှိဖို့ စစ်တပ်က မြေပြင်အင်အား(၁၀၀)ကျော်အပြင် လေကြောင်းဗုံးကြဲတာတွေလုပ်ဆောင်နေ

0 14
14

🟥ကာမိုင်း-ဖားကန့်လမ်းပိုင်းကနေလည်း စစ်အင်အားဖြည့်တင်းမှုတောက်လျှောက်ပြုလုပ်ခဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ နမ္မဖြစ်ကျေးရွာကို ရရှိဖို့အတွက် စစ်ကောင်စီဟာ မြေပြင်စစ်အင်အား(၁၀၀)ကျော် အပြင် လေကြောင်းဗုံးကြဲမှုတွေပါ ဆောင်ရွက်နေပြီး ထိုးစစ်ဆင်တာတွေပြုလုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ဖားကန့်မြို့နယ်အတွင်းရှိ စစ်ရေးအရ အရေးပါတဲ့ ဆိုင်းတောင်ကျေးရွာအုပ်စုကို ရရှိဖို့အတွက် မလန်းကျေးရွာကို ဖြတ်ကာစစ်ကြောင်းထိုးဖို့ဆောင်ရွက်လာခဲ့တာဖြစ်ပြီး မြေပြင်မှာတိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက် မှစတင်ကာ စစ်ကောင်စီစစ်ကြောင်းတွေအနေဖြင့် လုံးခင်းယမ်းချက်မှတဆင့် မလန်းကျေးရွာကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး လမ်းတစ်လျှောက် ထိတွေ့တိုက်ပွဲဖြစ်ပွါးမှုတွေရှိတယ်လို့လည်း သိရပါတယ်။

” စစ်ကြောင်းထိုးနေတာ ဖားကန့်ရဲ့အနောက် လမ်း၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာဘက်ကို၊ စစ်ကြောင်းတွေကတော့ လုံးခင်းဘက်ကနေ ဝင်လာတာပါ”

ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။ မလန်းကျေးရွာကို စစ်ကြောင်းမထိုးမှီ ပြီးခဲ့တဲ့စက်တင်ဘာလ နောက်ဆုံးအပတ်ကတည်းက လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီအင်အားသုံးရာခန့် ကြိုတင်ပို့ဆောင်ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဖားကန့်မြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ မိုးတွင်းကာလတစ်လျှောက်လုံး ကာမိုင်း-ဖားကန့်လမ်းပိုင်းကို အသုံးပြုကာ စစ်အင်အားတိုးချဲ့မှုတွေဆောင်ရွက်ခဲ့ပြီး မိုးအကုန်မှာ ဖားကန့်ထိုးစစ်ကိုပြန်လည်စတင်လာနေတာဖြစ်တယ်လို့လည်း အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။

“စက်တင်ဘာ နောက်ဆုံးပါတ်လောက်က လုံးခင်းယမ်းချက်ထဲ ထပ်ရောက်ထားတာကို အယောက် သုံးရာလောက်ရှိသေးတာ။ ဆိုတော့ ဒီစစ်ကြောင်းက အဲ့ဟာတွေဖြစ်မှာပေါ့။ စကမ အင်အားက မိုးတွင်းကာလ တလျှောက်လုံး ဖြည့်နေတာ ခုလည်း ကာမိုင်း-ဖားကန့်လမ်းက သူတို့လက်ထဲမှာပဲလေ”

တိုက်ပွဲဖြစ်ပွါးရာ မလန်းကျေးရွာပတ်ချာလည်ကို စစ်ကောင်စီဘက်က လေကြောင်းသုံးကာ ဗုံးကြဲတာတွေကိုဆက်တိုက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းများ မလန်းကျေးရွာကို စတင်ထိုးစစ်ဆင်လာကတည်းက ဒေသခံပြည်သူတွေအနေဖြင့် စစ်ဘေးရှောင်တာတွေကိုပြုလုပ်ခဲ့တာမို့ တိုက်ပွဲအတွင်းအရပ်သားပြည်သူထိခိုက်မှုတော့ မရှိဘူးဟုလည်း သိရပါတယ်။

“အရပ်သားထိခိုက်မှုတော့ မကြားရပါဘူး၊ အများစုက စစ်ဘေးရှောင်နေကြလို့၊ နှစ်ဖက် တပ်အခြေအနေတော့ မသိဘူးဗျ”

စစ်ကောင်စီအနေဖြင့် ဒီဇင်ဘာလမှာကျင်းပမဲ့ ရွေးကောက်ပွဲမတိုင်မှီဖားကန့်မြို့ကို အပြည့်အဝထိန်းချုပ်နိူင်ဖို့အတွက် စစ်ရေးအရ အရေးပါတဲ့နေရာတွေကို တောက်လျှောက်ထိုးစစ်ဆင်နေပြီး ဖားကန့်မြို့နယ်အတွင်း နေ့စဥ်တိုက်ပွဲဖြစ်ပွါးလျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post