စည်းကမ်းချိုးဖောက်တဲ့ starlink internet စက်ပိုင်ရှင်ကိုလည်း ထုတ်ပြန်ထားတဲ့ စည်းမျဥ်းအတိုင်း အရေးယူမည်
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း starlink internet စက်သုံးစွဲမှုနဲ့ပတ်သတ်ပြီး ပြည်သူလူထုနဲ့ တာဝန်ကျရဲဘော်တို့ကြားဖြစ်ပွါးခဲ့တဲ့ အငြင်းပွါးဖြစ်စဥ်အတွင်းမှ ရဲဘော်များကို ထိုက်သင့်တဲ့ သတိပေးအရေးယူမှုတွေဆောင်ရွက်သွားမှာဖြစ်သလို စည်းကမ်းချိုးဖောက်ခဲ့တဲ့ starlink internet စက်ပိုင်ရှင်ကိုလည်း ထုတ်ပြန်ထားတဲ့ စည်းမျဥ်း၊စည်းကမ်းအတိုင်း အရေးယူသွားမယ်လို့ စဥ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ၁၁ရက်နေ့လယ်(၁)နာရီ လောက်မှာ စဥ့်ကူးမြို့နယ်၊ ကျေးရွာတစ်ရွာရှိ စည်းမျဥ်းစည်းကမ်းများကိုမလိုက်နာဘဲသုံးစွဲနေတဲ့ starlink internet ကို သိမ်းဆည်းဖို့အတွက် သတင်းအရ မန္တလေးPDF၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့မှ စုစုပေါင်း ပူးပေါင်းအင်အား(၅)ယောက် တို့နဲ့ စည်းကမ်းချိုးဖောက်ရာအိမ်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုသွားရောက်စဥ် အဆိုပါနေအိမ်မှ တာဝန်ရှိသူကိုယ်တိုင်လာရောက်သိမ်းဆည်းမှ လက်ခံမယ်လို့ တုန့်ပြန်ခဲ့တာကြောင့် စဥ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌရဲ့ ညွှန်ကြားချက်ဖြင့် နေ့လယ်(၃)နာရီလောက်မှာ တာဝန်ရှိသူတစ်ဦးနဲ့ ပူးပေါင်းတပ်ဖွဲ့အင်အား(၁၂)ယောက်တို့ဟာ အရေးယူဆောင်ရွက်ရန် ထပ်မံသွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီနေအိမ်ကိုထပ်မံရောက်ရှိချိန်မှာပဲ လိုင်းပေါ်မှာပျံ့နှံ့ခဲ့တဲ့ Video fileပါ အကြောင်းအရာဖြစ်စဥ်မျိုးဖြစ်ပွါးခဲ့ပြီး ဖြစ်စဥ်ကိုလေ့လာရာမှာ တာဝန်ကျရဲဘော်များက ပထမဆုံး ကောင်းမွန်စွာပြောဆိုခဲ့ပြီး ပြဿနာမဖြစ်ရေးအတွက် ဆောင်ရွက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြည်သူလူထုအပေါ်ဆက်ဆံရမဲ့ စည်းမျဥ်းများကိုချိုးဖောက်ကာ စိတ်လိုက်မာန်ပါအပြုအမှုတွေနဲ့ တုန့်ပြန်ပြောဆိုတာတွေ့ခဲ့ရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့မှ ဆိုထားပါတယ်။
ဒါကြောင့် အဆိုပါတာဝန်ကျရဲဘော်များအနေနဲ့ ပြည်သူလူထုအပေါ် ဆက်ဆံရမဲ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့တာကြောင့် ထိုက်သင့်တဲ့သတိပေးအရေးယူမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး စည်းကမ်းချိုးဖောက်ခဲ့တဲ့ Starlink Internet ပိုင်ရှင်ကိုလည်း ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။
စဥ့်ကူးမြို့နယ်ရဲ့ အုပ်ချုပ်ရေး၊လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေး၊ကျန်းမာရေး၊ပညာရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးတို့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်လျက်ရှိပြီး အခုဖြစ်စဥ်ကြောင့် ပြည်သူတွေစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကိုလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရတာမို့ နောက်နောင် ခုလိုမဖြစ်အောင်အထူးအလေးပေးကြပ်မက်သွားမယ်လို့ စဥ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာထားပါတယ်။