မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ကန်နီပေါက်ရွာကို စစ်ကောင်စီစစ်ကြောင်း၀င်ရောက်လာစဉ် ကြောက်လန့်တကြားအိမ်တံခါးပိတ်မိတာကြောင့် စစ်ကောင်စီတပ်သားတွေက အဆိုပါအိမ်ကို ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ဗိုလ်ဖြစ်သူရဲ့ အဖေသေဆုံးသွားပြီး မိသားစု၀င်တစ်ယောက် ဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေးကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က BBM ကိုပြောပါတယ်။
အောက်တိုဘာလ ၄ရက်နေ့က ကန်နီပေါက်ကျေးရွာကို တောင်ဇင်းရွာကနေ တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့လာတာကို မြင်လို့ အိမ်တံခါးပိတ်တဲ့ စစ်ဗိုလ်ရဲ့ နေအိမ်ကို ၀င်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ဗိုလ်ရဲ့အဖေ ဖြစ်သူကတော့ နေရာမှာတင်ပွဲချင်းပြီးသေပြီး မိသားစု၀င်တစ်ယောက်ကိုတော့ မန္တလေးဘက်ပို့ဆေးကုနေရတယ်လို့ ဆိုပါတယ်။
“ကန်နီပေါက်ဘက်မှာ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ လမ်းနားဘေးမှာရှိတဲ့ အိမ်ပိုင်ရှင်က သူတို့လာလို့ ကြောက်လို့ဆိုပြီး တံခါးတွေပိတ်တော့ အဲ့ဒီအိမ်ထဲကို ၀င်ပြီးတော့ သေအောင်ပစ်သွားတယ်ပေါ့။ သေလည်းသေသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရပြီးတော့ မန္တလေးကို လွှဲရတယ် ကြားတယ်ပေါ့ ”
လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။ စစ်ကောင်စီတပ် ပစ်သတ်သွားတဲ့အမျိုးသားဟာ စစ်ကောင်စီလက်အောက်ခံ စစ်ဗိုလ်တစ်ယောက်ရဲ့ အဖေဖြစ်ပြီးတော့ စစ်ကောင်စီဟာ သူတို့ မသင်္ကာရင် ဇာတ်တူသားလည်းစားတယ်လို့ သူကဆက်ပြောပါတယ်။
“ အဲ့ဒီအိမ်ကပေါ့နော်။ သူ့သားကဆိုရင်စစ်ဗိုလ် အခုသူ့အဖေ သေသွားတယ်ပေါ့နော်။ စစ်ကြောင်း၀င်လာပြီးဆိုရင် ပြည်သူတွေက ဟိုကြောက်ရ ဒီကြောက်ရ ဖြစ်နေတယ်။ နောက်တစ်ခါကျတော့ အဲ့ဒီစစ်ကြောင်းက ကျေးရွာမှာရှိတဲ့ အစိမ်းရော၊ အနီရော မခွဲခြားဘဲ သူတို့ အမြင်ကပ်ရင် တွေ့တဲ့သူကို သတ်ချင်သလိုသတ် လုပ်ချင်သလိုလုပ်နေတာပေါ့”
လို့ သူက ဆိုပါတယ်။ အဆိုပါ စစ်ကြောင်းဟာ ကန်နီပေါက်ကျေးရွာကို နောက်တစ်ခေါက်စစ်ကြောင်းထိုးတဲ့အချိန်မှာ တစ်ရွာလုံးကို မီးရှို့သွားတယ်လို့ သိရပါတယ်။