Sunday, December 21, 2025
Home » မိတ္ထီလာရဲကား တိုက်ခိုက်ခံရမှုမှ ဒဏ်ရာရရဲများကိုကုသဖို့ ပြည်သူ့ဆေးရုံမှအရေးပေါ်လူနာမဟုတ်သူအားလုံးကို ဆေးရုံမှဆင်းခိုင်း

မိတ္ထီလာရဲကား တိုက်ခိုက်ခံရမှုမှ ဒဏ်ရာရရဲများကိုကုသဖို့ ပြည်သူ့ဆေးရုံမှအရေးပေါ်လူနာမဟုတ်သူအားလုံးကို ဆေးရုံမှဆင်းခိုင်း

0 12
12

🟥 မိတ္ထီလာမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားထဲမှ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဖြစ်စဥ်အတွင်းရဲ(၃)ယောက်သေဆုံး

မိတ္ထီလာမြို့အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲကားကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရ ရဲများကို ကုသရန်အတွက် မိတ္ထီလာပြည်သူ့ဆေးရုံမှ အရေးပေါ်မဟုတ်တဲ့ လူနာတွေအားလုံးကို ဆေးရုံမှချက်ချင်းဆင်းခိုင်းကာ ဒဏ်ရာရလာတဲ့ ရဲများကိုသာ ဦးစားပေးကုသခိုင်းခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ၁၂ရက်နေ့ မနက်၁၁ နာရီခန့်မှာ မိတ္ထီလာမြို့အနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ အင်အား၁၈ဦးခန့်ပါ ရဲကားတစ်စီးကို မိတ္ထီလာတက္ကသိုလ်အနီးမှာ SATAN UG အဖွဲ့က လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ရဲ(၂)ဦးနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့သလို ကားပေါ်ပါလာသူ ကျန်ရဲတပ်ဖွဲ့ဝင် အမြောက်အများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ ရဲများကို ကုသဖို့အတွက် စစ်ကောင်စီအနေဖြင့် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံးအတွင်းမှ အရေးပေါ်မဟုတ်တဲ့ လူနာများကို ချက်ချင်းဆေးရုံမှဆင်းခိုင်းတဲ့အပြင် ဆေးရုံပတ်ချာလည်မှာလည်း လုံခြုံရေးတင်းကြပ်လိုက်ကာ ၎င်းတို့လူနာများကိုသာ ကုသစေဖို့ စေခိုင်းခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မိတ္ထီလာတက္ကသိုလ်နဲ့ ပညာရေးကောလိပ်နားမှာ ကင်းပတ်ပြန်လာတဲ့ရဲကား လက်ပစ်ဗုံး ၂လုံးအပစ်ခံရတာ၊ ၂ဦးနေရာတင် သေတယ်၊ ၃ဦးစိုးရိမ်ရတယ်ဗျ၊ တခြားဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ အဲ့တာ ပြည်သူဆေးရုံက အရေးပေါ် မဟုတ်တဲ့လူနာတွေကို ဆေးရုံးပြောင်းခိုင်းပြီးသူတို့ခွေးတွေ(ရဲ)ကိုအရင်ကုဖို့ပြောတယ်၊ ပြီးတော့ ဆေးရုံပတ်ချာလည်မှာလည်း ကင်းချပြီးတော့ ဆေးရုံကိုခဏထိန်းလိုက်တယ်ပေါ့ဗျာ”

ဟု ဆေးရုံနဲ့နီးစပ်သူ မိတ္ထီလာဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။ ဖြစ်စဥ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ရဲ(၃)ယောက်ထဲမှ (၁)ယောက်ကလည်း ဆေးရုံကိုရောက်ပြီး မနေ့ညမှာတင်ထပ်မံသေဆုံးသွားတာကြောင့် တိုက်ခိုက်မှုအတွင်း စုစုပေါင်းရဲ(၃)ယောက်ထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေဖြင့် မိတ္ထီလာမြို့ကို အာဏာသိမ်းပြီးနောက်ပိုင်းကစကာ မြို့တွင်းသာမက မြို့အဝင်အထွက် ဂိတ်တွေအားလုံးမှာပါလုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားထဲကမှ ယခုကဲ့သို့တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့လည်း ဒေသခံတွေထံမှသိရပါတယ်။

ဒါ့အပြင် ယခုရဲကား တိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာလည်း ၎င်းတို့အစိုးရရုံးတွေတောက်လျှောက်ရှိရာနေရာဖြစ်သလို မိတ္ထီလာရဲစခန်းအနီးအနားမှာလည်းဖြစ်တာမို့ ဖြစ်စဥ်ဖြစ်ပြီးပြီးချင်း လမ်းသွားလမ်းလာတွေကိုစစ်ဆေးမေးမြန်းတာတွေနဲ့ လုံခြုံရေးတင်းကြပ်တာတွေကို ပိုမိုပြုလုပ်ခဲ့တယ်လို့ အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။

“လုံခြုံရေးတင်းတာကမှ အထပ်ထပ်အခါခါကိုချထားတာ၊ ဘယ်လောက်တောင် ချထားလဲဆို ကျောက်ပန်းတောင်းအထွက်လဲ ရှိတယ်၊ သာစည်အထွက်လဲရှိတယ်၊ မလှိုင်အထွက်လဲရှိတယ်၊ ဝမ်းတွင်းအထွက်လည်းရှိတယ်၊ အမြန်လမ်းအထွက်တောင်မှ သူတို့ထဲဝင်ခါနီးမှာကို အထပ်ထပ်ဂိတ်တွေချထားတာ၊ ပတ်ပတ်လည်ပဲ ၊ ပိုပြီးကောင်းတာက ခုလက်ပစ်ဗုံးပစ်ခံရတဲ့ ပညာရေးကောလိပ်နဲ့ တက္ကသိုလ်နားဆိုတာက သူတို့ရဲစခန်းနဲ့နီးနီးလေး အဲ့နားတောက်လျှောက်က ဌာနဆိုင်ရာရုံးတွေပဲ၊ အဲ့တာဖြစ်စဥ်ဖြစ်ပြီးပြီးချင်း စစ်တာဆေးတာတွေပိုပြုလုပ်လာသေးတယ်”

မိတ္ထီလာမြို့ဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်မတစ်ခုဖြစ်တဲ့ တပ်မ(၉၉)အခြေစိုက်ရာ မြို့တစ်ခုဖြစ်သလို အမြောက်၊သံချပ်ကာ၊ ဆေး၊ ဆောက်လုပ်ရေး၊ ထောက်ပို့နဲ့အခြား စစ်တပ်အများအပြားအခြေစိုက်ရာမြို့လည်းဖြစ်တာမို့ အာဏာသိမ်းပြီးနောက်ပိုင်းလုံခြုံရေးတင်းကြပ်မှုတွေရှိခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အလျဥ်းသင့်ရင် သင့်သလိုဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post