Sunday, December 21, 2025
Home » နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိ

နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိ

0 12
12

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့မှာ သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခံစစ်အခိုင်အမာတည်ဆောက်ထားတဲ့ ရခိုင်ရိုးမနယ်စပ်နဲ့မကွေးတိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

” နတ်ရေကန်ကုန်းမကြီးက လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်ကစပြီး ခံစစ်ပြိုသွားခဲ့ပါပြီး။ ဒီနေ့အပြီးသတ်ရတယ်လို့ ပြောနိုင်ပါတယ်။ နတ်ရေကန် ရေဒါစခန်းကုန်းမကြီးကိုရတာပါ။ နတ်ရေကန်ဗျူဟာကုန်း တစ်ခုလုံးကိုတော့ အပြည့်အဝ ထိန်းချုပ်နိုင်ပြီးလို့တော့ ပြောမရသေးဘူး”

လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ လက်ရှိ သိမ်းပိုက်ထားတဲ့ နတ်ရေကန် ရေဒါစခန်းကုန်းမကြီးကို စစ်ကောင်စီတပ်ရဲ့ ကပစ ၁၄ ဘက်ကနေပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသလို နတ်ရေကန်ဗျူဟာကုန်းအနီးရှိ နောက်ထပ် စစ်ကောင်စီရဲ့ခံစစ်စခန်းဖြစ်တဲ့ ဘုံးဘောနားက ခမောက်တောင်ကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာလည်း အမ်း – ပဒါန်းလမ်းပိုင်းမှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းနဲ့ ၁ မိုင်အကွာက စစ်ကောင်စီရဲ့ ခံစစ်စခန်းတည်ရှိတဲ့ ဂုတ်ကြီးကျေးရွာက ကာကင်းစခန်းကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာလည်း အမ်း – ပဒါန်းလမ်းဟောင်းရှိ နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိကကာကင်းစခန်းတစ်ခုဖြစ်တဲ့ ဖိုက်တာကုန်းကာကင်းစခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

Video-နတ်ရေကန်ဗျူဟာကုန်းမတိုက်မှီ စကစ တပ်သားတွေကိုတော်လှန်ရေးအဖွဲ့တွေက အနီးကပ် မြင်ရပုံ (Social media)

Leave a Comment

Latest Post

Latest Post