မန္တလေး-မိုးကုတ်-သပိတ်ကျင်း လမ်းဆုံရှိ စစ်ရေး ဗျူဟာကျတဲ့ ဖော့တောလမ်းဆုံကို စစ်ကောင်စီကလေကြောင်းပစ်ကူ အများအပြားရော မြေပြင်အင်အားအများအပြားပါ သုံးကာ ပြည်သူတွေရှိရာ နေရာတွေကိုပါ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါ လမ်းဆုံကို ပြန်လည် ထိန်းချုပ်ခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က BBMကိုပြောပါတယ်။
စစ်ကောင်စီဟာ ဖော့တောလမ်းဆုံကို အောက်တိုဘာလ ၁၀ရက်နေ့ညက စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၁၄ရက်နေ့ ညနေပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အဆိုပါလမ်းဆုံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးဘက်ကို တိုက်စစ်ဆင်လာနိုင်သလို ခလရ ၁၄၈ကနေ မိုးကုတ်ဘက်ကို ထိုးလာနိုင်တယ်လို့ ပြည်သူတစ်ယောက်က BBMကိုပြောပါတယ်။
“အခြေအနေတော့ ကြည့်ရမှာပဲဗျ။ ဇရပ်ကွင်းဘက်ကိုထိုးမလား။ ၁၄၈ဘက်ကို ထိုးမလားဆိုတာ။ ၁၄၈ဘက်ကို ထိုးရင်တော့ မိုးကုတ်ဘက်ကို ဦးတည်ဖို့များမှာဗျ”လို့ သူကပြောပါတယ်။
အဆိုပါ ဖော့တောလမ်းဆုံဟာ စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ပါ ဗျူဟာကျတဲ့ လမ်းဆုံဖြစ်ပြီးတော့ အခုအနေအထားအရ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာတွေကို အဓိကထားပြီး ဖြတ်၄ဖြတ်ပုံစံမျိုးလုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေအတွက်တော့ လက်နက်၊ခဲယမ်း၊ ရိက္ခာ အခက်အခဲရှိလာမယ့်ပုံပဲဗျ”
လို့ ဒေသခံသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီဟာ မြေပြင်အင်အား ၂၀၀ ၀န်းကျင်ခန့်နဲ့ လေကြောင်းပစ်ကူ အတော်လေး အသုံးပြုတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကိုငဲ့ညာပြီး ခွာစစ်လုပ်ရတဲ့သဘောပဲလို့ သူကဆက်ပြောပါတယ်။
“အင်အား၂၀၀ ၀န်းကျင်လို့ ကြားတယ်ဗျ။ အဓိကကတော့ လေယာဉ်ပစ်ကူတော်တော်လေး လွှတ်ထားတာဗျ။ ဒီကောင်တွေ ဗျူဟာက ခုနောက်ပိုင်းရှင်းပါတယ်။ လက်နက်ကြီးတွေသုံးမယ်။ လေယာဉ်၊ ဒရုန်းကို အဓိကထားသုံးတယ်ဗျ။ နောက်မှ စစ်ကြောင်းက ၀င်တဲ့သဘောပဲဗျ။ ပြည်သူဘာညာ ဘာမှ သိတာမဟုတ်ဘူး။ရမ်းသမ်းထုတာ။ အဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တွေက ခွာစစ်အနေနဲ့ ဆုတ်ပေးတဲ့သဘောပဲဗျ”
လို့ သူက သုံးသပ်ပါတယ်။ ဖော့တောလမ်းဆုံဟာ လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အထက်ပိုင်းဆိုရင် တကောင်း၊ အောက်ပိုင်းဘက်ဆို စဉ့်ကူးနဲ့ မိုးကုတ်ကို သွားရာ လမ်းဆုံဖြစ်ပြီးတော့ ဗျူဟာအရ အရေးပါတဲ့ နေရာဖြစ်တာကြောင့် စစ်ကောင်စီက အခုလို အင်အား အများအပြားနဲ့ ထိုးလာတာပဲဖြစ်ပါတယ်။
ပုံ-Google Map
#BBM#News#UpdateNews#Mogok#Takaung#Junta#RevolutionaryForce