Monday, December 22, 2025
Home » ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြန်ဖြစ် စစ်ကောင်စီတပ်က အရာရှိတွေကျဆုံးမှုရှိ

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြန်ဖြစ် စစ်ကောင်စီတပ်က အရာရှိတွေကျဆုံးမှုရှိ

0 11
11

တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်လာနေတာကြောင့် အခုရက်ပိုင်းအတွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ အင်အားအလုံးအရင်းနဲ့ မလကျွန်းကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) စက်ရုံအနီးအနားရှိ ကာကင်းစခန်းတွေကနေပြီးတော့ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လိပ်ခမော်၊ ရွာသစ်၊ ပြင်ချေ၊ ငှက်ပျောချောင်း၊ ကုလာဘာနဲ့ ဂေါ်ဒူကျေးရွာအနီးကို စစ်ကြောင်းထိုးလာနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် AA က ကုလဘာကျေးရွာ အနီးအနားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့သေဆုံးမှုတွေရှိကာ အရာရှိတစ်ချို့မှာလည်း စနိုက်ဘာလက်ချက်ကြောင့် သေဆုံးမှုတွေရှိတယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တွေက BBM ကို ပြောပါတယ်။

“ကျောက်ဖြူမှာတော့ စစ်ကောင်စီတပ်က ဟိုတပ်ရင်းကို အင်အားဖြည့်လိုက်၊ ဒီတပ်ရင်းကိုအင်အားဖြည့်လိုက် လုပ်နေတာရှိပါတယ်။ တိုက်ပွဲကတော့ ငြိမ်နေတာမရှိပါဘူး။ ဓညဝတီဖက်၊ အမှတ် ၃၂ ရဲတပ်ရင်းဖက်တွေမှာ ကြိုကြားကြိုကြား ဖြစ်နေကြတာရှိပါတယ်။ အခုလည်း ကုလာဘာကျေးရွာဖက်ကို စကစ က စစ်ကြောင်းထိုးလာတာကြောင့် AA ကြားဖြတ်တိုက်ခိုက်လို့ တပ်ဖွဲ့ဝင်တွေ အရာရှိတစ်ချို့တွေ ကျဆုံးမှုတွေရှိနေပါတယ်” လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မလကျွန်းကျေးရွာအနီးရှိ ကာကင်းစခန်းတွေကနေ ကုလာဘာကျေးရွာဖက်ကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေးလွတ်မြောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အခုလို နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားကြတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း စစ်ကောင်စီဟာ မလကျွန်းကျေးရွာအနီးရှိ ကာကင်းစခန်းတွေကနေ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ငှက်ပျောချောင်းနဲ့ ကုလာဘာကျေးရွာအနီးကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားကာ စစ်ကောင်စီတပ်က အရာရှိ ၂ ဦးအပါအဝင် တပ်သားအများအပြားကျဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့မကျရောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်း (ပစ) အများအပြားကို စစ်အင်အားဖြည့်တင်းနေတာဖြစ်ပြီး မြို့ပေါ်လုံခြုံရေးကိုလည်း အရင်ကထက် နှစ်ဆခန့်တိုးမြင့်ချထားတယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

“စစ်သင်္ဘောတွေက ကျောက်ဖြူပင်လယ်ပြင်မှာ သွားလာလှုပ်ရှားမှုတွေ ရှိပါတယ်။ သတ်ပုတ်တောင်စခန်း (ဓညဝတီရေတပ်စခန်း)၊ တောင်မော်ကြီး ရေတပ်စခန်းတို့ကို ဆိုက်ရောက်တယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့နယ်က ကာကင်းစခန်းတွေကိုလည်း အင်အားဖြည့်တင်းမှုတွေ ရှိနေပါတယ်။ အင်အားဖြည့်တင်းတဲ့ အချိန်ဆိုရင် တိုက်ခိုက်ရေးနေဗီတွေကလည်း လုံခြုံရေးပေးတဲ့အနေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ပေးပါတယ်” လို့ ကျောက်ဖြူဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

လက်ရှိ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ဟာ သစ်ပုတ်တောင်ရေတပ်စခန်း (ဓညဝတီရေတပ်ဌာနချုပ်) အနီးက ကာကင်းစခန်းတွေ၊ အမှတ် ၃၂ ရဲတပ်ရင်းအနီးက ကာကင်းစခန်းတွေနဲ့ သဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) စက်ရုံအနီးအနားက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းပစ်ကူ၊ အမှတ် ၃၂ ရဲတပ်ရင်းက လက်နက်ကြီး ပစ်ကူတွေအပြင် သံဇစ်မြစ်တစ်လျှောက်မှာ သွားလာလှုပ်ရှားနေကြတဲ့ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးပစ်ကူတွေ လှမ်းပစ်ခတ်နေပြီး ဒေသခံတစ်ချို့မှာလည်း ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနေတယ်လို့လည်း ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ကာ ထိုးစစ်ဆင်တိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ၈ လ နီးပါးခန့် ကြာမြင့်လာခဲ့ပြီးလည်းဖြစ်ကာ AA ကလည်း ကျောက်ဖြူမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးအရ ပြင်ဆင်မှုတွေရှိနေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြီးခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲပြောကြားခဲ့ပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲအတွင်းမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ဘေးတိမ်းရှောင်လာသူဦးရေ ငါးသောင်း (၆၀,၀၀၀) ဝန်းကျင်အထိ ရှိလာနေပြီး စားဝတ်နေရေး၊ နေထိုင်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post