Sunday, December 21, 2025
Home » စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ စစ်ရေးတင်းမာနေ

စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ စစ်ရေးတင်းမာနေ

0 13
13

စစ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နယ်အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိကာ စစ်ရေးတင်းမာနေကြတယ်လို့ သိရပါတယ်။

စစ်တွေမြို့အနီးပတ်ဝန်းကျင်တစ်လျှောက်မှာ နှစ်ဖက်တပ်တွေက လက်နက်ကြီး၊ ဒရုန်းအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်းမှာ ပိုမိုပြင်းထန်နေကြတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်တွေမြို့နယ်က ပါဒလိတ်၊ အမြင့်ကျွန်း၊ ရွာဘို၊ ရွှေမင်းဂံ စတဲ့ကျေးရွာဖက်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ရှိ ကျေးရွာတွေကနေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အဲမြို့နယ်တွေက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

“လက်နက်ကြီးသံတွေကတော့ နေ့တိုင်းနီးပါးကြားရတာ ရှိပါတယ်။ နှစ်ဖက်စလုံးကလည်း အပြန်အလှန် လက်နက်ကြီးတွေ ပစ်ခတ်ပြီး တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။ AA ကတော့ မြို့နယ် ၃ ခု ကနေ ဝိုင်းရံထားတာရှိပါတယ်။ စကစ ကလည်း AA ရှေ့မတိုးနိုင်အောင် အဲဒီမြို့နယ် ၃ ခုက အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက် ပစ်ခတ်တိုက်ခိုက်နေတာရှိပါတယ်” လို့ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ဖို့အတွက် သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေ၊ တပ်စခန်းတွေ၊ တပ်မဌာနချုပ်တွေကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ ပြည်သူ့စစ်မှုထမ်း (ပစ) တွေကို အတင်းအဓ္ဓမ လူသစ်စုဆောင်းတာတွေ ပြုလုပ်လျှက်ရှိနေပါတယ်။

စစ်တွေမြို့ကိုလည်း စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း (ပစ) ထောင်နဲ့ချီကို စစ်အင်အားတွေ ဖြည့်တင်းထားပြီး စစ်တွေမြို့ရဲ့ ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော် တစ်လျှောက်မှာလည်း တိုက်ခိုက်ရေးနေဗီတွေ၊ ကင်းထောက်ဒရုန်းတွေနဲ့ AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်လျှက်ရှိနေတယ်လို့လည်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တွေမြို့ ပင်လယ်ပြင်မှာ လှုပ်ရှားနေကြတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးနေဗီတွေဟာလည်း အာရက္ခတပ်တော် AA သိမ်းထားတဲ့ ရသေ့တောင်၊ မောင်တောနဲ့ ပေါက်တောမြို့နယ်တွေအထိကိုပါ စစ်ရေးအရ ခြိမ်းခြောက်မှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

“စကစရဲ့ နေဗီတွေကတော့ မောင်တောမြို့နယ်အထိကိုပါ ရောက်တာရှိပါတယ်။ သူတို့ကတော့ AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကင်းထောက်နေတာဖြစ်နိုင်ပါတယ်။ အဲဒီနေဗီတွေဟာ စစ်တွေမြို့ကိုဆင်းသွားလိုက်၊ ပြန်တက်လာလိုက်လုပ်နေကြတာပါ။ စစ်တွေမြို့မှာ ရပ်နားထားတဲ့ နေဗီအစီးအရေအတွက်ဟာ ၁၀ ကျော်လောက်ရှိပါတယ် ” လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေ၊ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄) တပ်ရင်းတို့အပါအဝင် အမှတ် (၁၂) ရဲတပ်ရင်းနဲ့ အမှတ် (၃၆) ရဲတပ်ရင်းတို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်းမှာ နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ရှုံးစစ်ကောင်စီဟာ အဲဒီနယ်မြေကို ပြန်လည်ရယူနိုင်ဖို့အတွက် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေကနေ ထိုးစစ်ဆင်ဖို့ပြုလုပ်ခဲ့ပေမဲ့လည်း အာရက္ခတပ်တော် AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် ထိရောက်မှုမရှိဘဲ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း စစ်ကောင်စီဟာ သူတို့ကိုယ်တိုင် မိုင်းခွဲဖျက်ဆီးခဲ့တဲ့ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို ပြန်လည်ပြုပြင်ခဲ့ပြီး AA သိမ်းထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ကြည်း၊ ရေ၊ လေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြုလုပ်ခဲ့ပေမဲ့ ထိရောက်မှုမရှိဘဲ နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီဟာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမသောက်၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ ရွာဘို စတဲ့ကျေးရွာတွေက နေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ပြိုပျက်ကာ ဘန်ကာတွေ အများအပြား ဆောက်လုပ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Leave a Comment

Latest Post

Latest Post