မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေး တင်းကြပ်ထားပြီး အရပ်သား ဆယ်ချီဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ အလူးလေးကျေးရွာ သန့်ဇင်အောင်တာယာဆိုင်အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေနဲ့ အထပ်သားစက်ရုံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးခံရတာပါ။
“ခေါ်စစ်တာပေါ့၊ အဲဒီအနားမှာ နေတဲ့သူတိုင်းကို ဖမ်းတယ်၊ မင်းတို့သတင်းပေးလို့ အခုလိုဖြစ်ကြတာပါ၊ အများကြီး ပြောတယ်တဲ့၊ ခြိမ်းခြောက်တာပေါ့၊ အမျိုးမျိုးပဲ၊ ပြီးတော့ အဲဒီလမ်းပိုင်းတလျှောက်က လုံခြုံရေး တင်းကြပ်ထားတာ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးက BBM ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေ အနည်းဆုံး ၂၀ ဝန်းကျင်ခန့်ရှိပြီး ဖမ်းဆီးခံရတဲ့နေ့မှာပင် အများစုကို ပြန်လွှတ်ပေးလိုက် ပေမယ့် အချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ခြင်း မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေကို နယ်မြေခံတပ်ရင်းတပ်စခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်မှုရှိတယ်လို့ စစ်အုပ်စုဘက်က စွပ်စွဲထားပါတယ်။
“သူတို့ မလွှတ်ပေးတဲ့သူတွေ ရိုက်နှက်တာတွေ ရှိတယ်၊ ရွာသားတွေပဲ၊ စက်ရုံအလုပ်သမားတော့ အကုန် ပြန်လွှတ်ပေးတယ်၊ ပိုက်ဆံညှစ်ဖို့လား ဘာလုပ်ဖို့လဲတော့ မသိဘူး၊ လမ်းသွားလမ်းလာတောင် ဖမ်းပြီး ပိုက်ဆံတောင်းနေတာ ရှိတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်၊ မနက် ၈ နာရီခွဲခန့်မှာ အလူးလေးကျေးရွာဘက်ကို ပတ်ကင်းထွက်လာတဲ့ စစ်အုပ်စုယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်း ဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်မှုခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ ရဲဘော်တွေက ပြောပါတယ်။
ဒါ့ကြောင့် စစ်အုပ်စုဟာ အဲဒီအနီးတဝိုက်မှာရှိတဲ့ အရပ်သားပြည်သူတွေကို အတင်းအကြပ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ အရပ်သားဖမ်းဆီးခံရတဲ့ဖြစ်စဉ် တစ်လထက်တစ်လ ပိုများလာပြီး ပြီးခဲ့တဲ့ ၄ လအတွင်းမှာပဲ အရပ်သား ရာချီဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ -ပုံဟောင်း Social Media