သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး (၁)ပါးထိခိုက်ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ (၁၁)မိုင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ပါး ပျံလွန်တော်မူပြီး (၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ယောက်က ပြောပါတယ်။
အောက်တိုဘာလ ၁၈ရက်နေ့ ညနေ (၈း၄၀)နာရီအချိန်ခန့်က စစ်ကောင်စီဟာ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ ကျောက်မဲမြို့နယ်၊ (၁၁)မိုင်ကျေးရွာတွင် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် ၁ပါး ပြင်းထန်ဒဏ်ရာနဲ့ ကွယ်လွန်ပြီး ၁ပါးထိခိုက်ဒဏ်ရရှိကာ ဘုန်းကြီးကျောင်း (၁)ကျောင်းနဲ့ ကျောင်းဆောင် (၁)ဆောင်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“ကျောက်မဲနဲ့ မိုင်းငေါ့ကြားက ၁၁မိုင်က ဘုန်းကြီးကျောင်းကို ဦးတည်ပြီး ကြဲသွားတာဗျ။ ကျောင်းဆောင် ၂ဆောင် ပျက်စီးသွားတယ်”လို့ တော်လှန်ရေးရဲဘော်တစ်ယောက်က သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့အောက်တိုဘာလ(၁၇)ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံးသွားခဲ့ပြီး အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၅)အိမ်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အခုအောက်တိုဘာလ (၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ မန်တုံမြို့ကို (၁)ကြိမ်၊ ကျောက်မဲမြို့ကို (၃)ကြိမ်၊ သီပေါမြို့ကို (၅)ကြိမ်၊ မိုင်းငေါ့မြို့ကို (၁)ကြိမ်၊ မိုင်းလုံမြို့ကို (၄)ကြိမ်၊ နမ့်ဆန်မြို့ကို (၄)ကြိမ်၊ နမ္မတူမြို့ကို (၅)ကြိမ်၊ မိုးမိတ်မြို့ကို (၃)ကြိမ်နဲ့ မိုးကုတ်မြို့ကို(၁)ကြိမ် စုစုပေါင်း (၂၇)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၁၄)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၅)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၁၃)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ကျောင်းဆောင် (၆)ဆောင်နဲ့ အဆောက် အဦး (၄)ခုတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Photos-PSLF/TNLA