စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးနေဗီတွေကြောင့် သံတွဲနဲ့ ဂွမြို့နယ်အနီးက ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းခွင့်ကို ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေကြောင့် အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ အာရက္ခတပ်တော် AA က မနေ့က အောက်တိုဘာလ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်အတွင်းမှာ စစ်ရေးအရ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေ တဲ့ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်တွေကို စစ်အင်အားတိုးမြှင့်တာတွေ ပင်လယ်ရေကြောင်းကနေ တစ်ဆင့် ခပ်စပ်စိပ်ပြုလုပ်လာနေတာကို တွေ့ရှိရတယ်လို့လည်း AA က ဆိုပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် AA ဟာ သံတွဲနဲ့ ဂွမြို့အနီး အပြည့်အဝထိန်းချုပ်ထားတဲ့ ပင်လယ်ပြင်မှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောတွေ သွားလာလှုပ်ရှားမှုတွေကို ပိုမိုတွေ့မြင်လာနေရပြီး အဆိုပါ မြို့ပေါ်အနီးတဝိုက်ကိုလည်း ကင်းထောက်လေယာဉ်တွေနဲ့ လှည့်ပတ်ပျံဝဲကင်းထောက်လှမ်းမှုတွေကို အခုရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ်ပြုလုပ်လာနေတာ ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ပင်လယ်ကမ်းခြေအနီးရှိ မြို့၊ ရွာတွေမှာ ရေလုပ်ငန်းကို အဓိက အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြတဲ့ အရပ်သားပြည်သူတွေကို စစ်ကာလအခက်အခဲ၊ အကျပ်အတည်းနဲ့ မိသားစု စားဝတ်နေရေးတွေကို တစ်နိုင်တစ်ပိုင်ဖြေရှင်းနိုင်ဖို့အတွက် ပင်လယ်ပြင်အတွင်းမှာ ငါးဖမ်းခွင့် ကို အချိန်အကန့်အသတ်မရှိ ခွင့်ပြုပေးထားခဲ့တယ်လို့ AA က ပြောပါတယ်။
ဒါ့ပေမဲ့လည်း အခုကဲ့သို့ အချိန်အကန့်အသတ်မရှိ ရခိုင်ပင်လယ်ပြင်မှာ ငါးဖမ်းခွင့်ပြုထားတာဟာ စစ်ရှုံး စစ်ကောင်စီရဲ့ စစ်အင်အားဖြည့်တင်းတာနဲ့ သူတို့ရဲ့စစ်ဆင်ရေးအတွက် ငါးဖမ်းလှေတွေကို အကာအကွယ်ယူပြီးတော့ လွတ်လပ်စွာ သွားလာနိုင်တဲ့ အခွင့်အရေးမျိုးကို ရရှိနေတာကြောင့် သံတွဲနဲ့ ဂွမြို့အနီးက ပင်လယ်ပြင်မှာ ညနေ ၆ နာရီကနေ နံနက် ၆ နာရီအချိန်ထိ ညအချိန် ငါးဖမ်းမှုတွေကို ကန့်သတ်ပိတ်ပင်ရတာ ဖြစ်တယ်လို့ AA က ဆိုပါတယ်။
သံတွဲ့နဲ့ ဂွမြို့အနီးက ပင်လယ်ပြင်ကိုတော့ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး စစ်သင်္ဘောတွေ အမြဲတမ်းလိုလို စစ်ရေးအရလှုပ်ရှားမှုတွေ ရှိပါတယ်။ ဧရာဝတီဖက်တွေကလည်း စစ်သင်္ဘောတွေ ဆင်းလာကြတာရှိပါတယ်။ ပြီးတော့ စစ်တွေနဲ့ ကျောက်ဖြူမြို့အနီးမှာ နေရာယူထားကြတဲ့ တိုက်ခိုက်ရေးနေဗီတွေကလည်း သံတွဲနဲ့ ဂွမြို့နယ်ဖက်တွေကို ရောက်တာရှိတယ်လို့ သိရပါတယ်။ အဲဒီလို သွားလာလှုပ်ရှားမှုတွေ ရှိနေတဲ့အခါမှာတော့ ငါးဖမ်းသမားတွေကို ဖမ်းဆီးခေါ်ဆောင် သွားတာတွေ ရှိပါတယ်။ သံတွဲမြို့မှာလည်း ငါးဖမ်းသမားတွေ အဖမ်းအဆီး ခံထားရတာရှိပါတယ် လို့ သံတွဲဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြို့နယ်တစ်ချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက် ရယူနိုင်ဖို့အတွက် ပြင်ဆင်မှုတွေကို အခုရက်ပိုင်းအတွင်းမှာ ပိုမိုလုပ် ဆောင်လာနေတာကို တွေ့မြင်ရတယ်လို့လည်း AA က ဆိုထားပါတယ်။
ဒါ့ကြောင့် အရပ်သားပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရးလှုပ်ရှားမှုတွေကို အနည်းနဲ့ အများအပေါ် မူတည်ပြီးတော့ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုအန္တရာယ်တွေကို သတိထားကြဖို့နဲ့ စစ်ရေးသတိအပြည့်အဝရှိကြဖို့ကိုလည်း AA က ပြောဆိုထားပါတယ်။
စစ်ရှုံးစစ်ကောင်စီဟာ သူတို့စစ်ရေးအရ သွားလာလှုပ်ရှားနေကြတဲ့ နေဗီတွေကနေပြီးတော့လည်း ပင်လယ်ပြင်အတွင်း ငါးဖမ်းသွားနေကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ ငါးဖမ်းလှေတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ တံငါသည်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေကိုပါ ပြုလုပ်နေတာကြောင့် နေ့အချိန်ငါးဖမ်းသွားမယ်ဆိုပါကလည်း ကမ်းဝေးကိုသွားရောက်ပြီးတော့ မဖမ်းကြဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေ သွားလာလှုပ်ရှားမှုတွေကို မြင်တွေ့ပါက ကမ်းစပ်၊ ကမ်းနီးကို အမြန်ဆုံး ဆိုက်ကပ်လာကြဖို့ကိုလည်း AA က ထပ်မံအသိပေး တိုက်တွန်းထားပါတယ်။
လက်ရှိ သတိပေးချက်ကို အာရက္ခတပ်တော် AA က ပြန်လည်ရုပ်သိမ်းကြောင်း မထုတ်ပြန်မချင်း ရေလုပ်သားတွေအနေနဲ့လည်း သံတွဲနဲ့ ဂွမြို့အနီးက ပင်လယ်ပြင်မှာ ညအချိန်တွေအတွင်း ငါးဖမ်းတာတွေ လုံးဝမပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် မူတည်ပြီးတော့ အခုသတိပေးတားမြစ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးသွားနေ့ကိုလည်း ထပ်မံအသိပေးသွားမှာ ဖြစ်တယ်လို့ AA က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်းမှာ ငါးဖမ်းနေကြတဲ့ ငါးဖမ်းသမား ၆ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့မှာလည်း စစ်တွေမြို့အနီးပင်လယ်ပြင်မှာ ငါးဖမ်းထွက်ကြတဲ့ ပေါက်တောမြို့နယ် ချောင်းဝကျေးရွာနဲ့ ကုန်တန်းကျေးရွာက ဒေသခံငါးဖမ်းသမား ၇ ဦးကိုလည်း စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီရေတပ်ဟာ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာတွေက ဒေသခံရေ လုပ်သားတွေကိုလည်း အမြဲတမ်းလိုလိုဖမ်းဆီးတာတွေနဲ့ ငါးဖမ်းစက်လှေတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။