ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော် ဒေသမှာ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ခဲယမ်းမီးကျောက်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ Black Panther Column က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မြဝတီမြို့နယ် ရသေ့ဂူကျေးရွာ၊ မင်းလက်ပံကျေးရွာနဲ့ ဖလူးကျေးရွာတွေသို့ စစ်ကောင်စီဟာ သာလွန်လူအင်အား၊ နည်းပညာမြင့် Drone များ၊ လက်နက်ကြီးပစ်ကူများ၊ တာဝေးပစ် ဒုံးကျည်များ (Missiles)၊ လေကြောင်းတိုက်ခိုက်မှုအသာစီးယူပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ တပ်မ ၂၂ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ KNU/KNLA ဦးဆောင်တဲ့ ဗျူဟာ(၃၂) ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ဗွီနွန်စစ်ကြောင်း၊ Justice soldier တပ်ဖွဲ့၊ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြိမ်ကြိမ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို ထွက်ပြေးအလင်းဝင်လာသူတွေ၊ သုံ့ပန်းတွေလည်း ရှိခဲ့တဲ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေထံမှ ခဲယမ်းမီးကျောက် အမြောက်အများကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ယုတ်မာရက်စက်မဲ့ ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။
Photo – Black Panther Column