Sunday, December 21, 2025
Home » နတ်ရေကန်ဗျူဟာကုန်းအနီး တိုက်ပွဲပြင်းထန်နေပြီး ဗျူဟာကုန်းကို စကစ အင်အားဖြည့်တင်းနေ

နတ်ရေကန်ဗျူဟာကုန်းအနီး တိုက်ပွဲပြင်းထန်နေပြီး ဗျူဟာကုန်းကို စကစ အင်အားဖြည့်တင်းနေ

0 10
10

မကွေးတိုင်း၊ အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း ဗျူဟာကုန်းနဲ့ ၄ မိုင်အကွာမှ ဂုတ်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းမဟာမိတ်တပ်တို့ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နတ်ရေကန်ဗျူဟာကုန်းမကျရောက်ရေးအတွက် ပဒါန်းတပ်နယ်အတွင်းကနေ စစ်အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းရဲ့ အရှေ့ဘက်မှ ဂုတ်ကြီးကျေးရွာအနီးရှိ အမ်း – ပဒါန်းလမ်းသစ်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“လက်ရှိ နတ်ရေကန်ဗျူဟာကုန်းဘက်မှာတော့ ရာသီဥတုဆိုးရွားနေတာရှိပါတယ်၊ နတ်ရေကန်တောင်ပေါ်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမဲ့လည်း အောက်ခြေမှာရှိတဲ့ ဂုတ်ကြီးကျေးရွာအနီးက လမ်းသစ်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိပါတယ်၊ လမ်းဟောင်းမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီက စစ်ယာဥ်တန်းနဲ့ စစ်အင်အားတွေ ဖြည့်တင်းနေတာရှိပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

အမ်း – ပဒါန်းလမ်းပိုင်းမှာ တစ်ခုတည်းကျန်တဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းကို စစ်ကောင်စီက ရတဲ့နည်းလမ်းတွေနဲ့ ထိန်းချုပ်ထားမှာဖြစ်ပြီး ပူးပေါင်းမဟာမိတ်တပ်တွေကလည်း အင်အားတွေစုဖွဲ့ကာ ဗျူဟာကုန်းကို တိုက်ခိုက်မယ်ဆိုပါက ဒီနှစ်ကုန်တဲ့အထိ တိုက်ခိုက်ရမဲ့အနေအထားမျိုး ဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းမှ စခန်းတချို့တဝက်လောက်ကို သိမ်းပိုက်လိုက်ပြီးနောက် ကပစ ၁၄ စက်ရုံနဲ့ ၆ မိုင်အကွာမှ အမ်း – ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝစစ်ဆေးရေးဂိတ်နဲ့ သာယာကုန်းကျေးရွာအနီးအနားမှာ စစ်ကောင်စီက ကာကင်းစခန်းတွေအများအပြား ဆောက်လုပ်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ အဆိုပါ ကာကင်းစခန်းတွေနဲ့ ပဒါန်းတပ်နယ်အတွင်းကနေ စစ်ယာဥ်တန်းတွေနဲ့ အမ်း – ပဒါန်းလမ်းဟောင်းမှ စစ်အင်အားတွေ ဖြည့်တင်းနေသလို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ နတ်ရေကန်ဗျူဟာကုန်းကို လေကြောင်းတစ်ခုတည်းကသာ စစ်အင်အားတွေ၊ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေရတာဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“နတ်ရေကန်ဗျူဟာကုန်းကနေ (ပစ) တွေ အလင်းဝင်တာတွေ၊ ထွက်ပြေးကြတာတွေရှိပါတယ်၊ အဲတာကိုလည်း တပ်ဖွဲ့တွေကလိုက်လံရှာနေကြတာ ရှိပါတယ်၊ စစ်ကောင်စီရဲ့ မြေပြင်အင်အားကတော့ ဗျူဟာကုန်းကို ရောက်တာနည်းပါတယ်၊ သူတို့က လေကြောင်းကို အဓိကအားကိုးပြီးတော့ အင်းအားဖြည့်တာ၊ ရိက္ခာလာချတာလောက်ပဲ ရှိပါတယ်” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အရှိုချင်းကာကွယ်ရေးတပ် CDF – Asho က ကြားဖြတ်တိုက်ခိုက်မှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂ လတာကာလအတွင်းမှာလည်း စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ပြည်သူ့စစ်မှုထမ်း ပစ ၂၆ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ CDF Asho က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစ စက်ရုံ ၁၅ ရုံ ရှိနေတာဖြစ်ပြီး အထက်မင်းလှမြို့နယ်မှာ ကပစ ၂၊ ၁၀ နဲ့ ၁၃၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ကပစ ၈၊ သရက်မြို့နယ်မှာ ကပစ ၁၂၊ ပွင့်ဖြူမြို့နယ်မှာ ကပစ ၁၄၊ အောင်လံမြို့နယ်မှာ ကပစ ၁၅ နဲ့ ၁၇၊ တောင်တွင်းကြီးမြို့နယ်မှာ ကပစ ၁၈၊ စေတုတ္တရာမြို့နယ်မှာ ကပစ ၂၀၊ ဆိတ်ဖြူမြို့နယ်မှာ ကပစ ၂၁ နဲ့ ၂၂ ၊ ကျောမြို့နယ်မှာ ကပစ ၂၃၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ နဲ့ လောင်းရှည်မြို့နယ်မှာ ကပစ ၂၅ စက်ရုံတို့ပဲ ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post