Sunday, December 21, 2025
Home » တနင်္သာရီမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ အရပ်သားအများအပြားထွက်ပြေးနေရ၊ နှစ်ဖက်စစ်ရေးတင်းမာနေ

တနင်္သာရီမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ အရပ်သားအများအပြားထွက်ပြေးနေရ၊ နှစ်ဖက်စစ်ရေးတင်းမာနေ

0 8
8

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံအရပ်သားအများအပြားတိမ်းရှောင်နေရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့က အင်အားရာချီရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တနင်္သာရီမြို့နယ် ဇဝဲကျေးရွာကနေ ဖာနီကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်။

“ဒီနားတဝိုက်မှာ သူတို့(စစ်ကြောင်း)က ဝင်ဖို့ လုပ်နေတာကြာပြီး. ရွာသားတွေကလည်း အချို့ သတင်းကြို သိ ထားတော့ ရှောင်ကြတာရှိပါတယ်၊ ဝင်လာတာ သိသိချင်းမှာပဲ ပြေးကြတာများပါတယ်၊ ၄ ရွာ၊ ၅ ရွာ လောက်တော့ ပြေးနေရတယ်” လို့ ရွာခံတဦးက BBM ကို ပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းထိုးတဲ့အတွက် လေးမိုင်၊ ရေခမ်းချောင်း၊ ဖာနီအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေမှ ဒေသခံရာချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ဖွဲ့ဟာ တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာဘက်ကို အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်း ၅ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေပြီး အဲဒီအနီးတဝိုက်ကျေးရွာက ဒေသခံတွေကလည်း ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဘက်ကို အပြင်းအထန်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား မကြာမကြာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

“စစ်ရေးက တင်းမာနေတယ်၊ သူတို့(စစ်သား) နေရာအစုံကနေ ဝင်လာတာ ဆိုတော့၊ တိုက်ပွဲက မကြာမကြာ ဖြစ်နေတာပဲ၊ ဒီနေ့တောင် ဖြစ်သေးတယ်၊ ပြည်သူတွေတော့ ရွာကနေထွက်ပြေးကုန်ပြီး” လို့ သူက ပြောပါတယ်။

အခုရက်ပိုင်းထဲ တနင်္သာရီမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အပါအဝင် တော်လှန်ရေး အင်အားစုတပ်ဘက်က အထိအခိုက်အကျအဆုံးရှိနေပေမယ့် အတိအကျကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန် ခြင်း မရှိသေးပါဘူး။

အဲဒီစစ်ကြောင်းထဲမှာ အမှတ်(၄၃၁) ခြေမြန်တပ်ရင်း၊ အမှတ်(၂၈၀)၊ (၁၀၃)၊ (၂၆၅)၊ (၂၆၇)၊ (၁၀၁) ခြေလျင်တပ်ရင်းတွေပါဝင်ပြီး လိုအပ်တဲ့ စစ်ကူအင်အားကို စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်ကနေ ဖြည့်တင်းနေတယ်လို့ တော်လှန်ရေးအင်အားစုဘက်က ပြောပါတယ်။

ဓါတ်ပုံ – Social Media

ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးစဉ်။ (ပုံဟောင်း)

Leave a Comment

Latest Post

Latest Post