မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်တဲ့ ရပ်ကွက် ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးတွေကို လုပ်ပိုင်ခွင့် သိန်း ၂၀၀၀တန် စီမံကိန်းတွေချပေးမယ်ဆိုပြီး မက်လုံးပေးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က BBMကိုပြောပါတယ်။
အောက်တိုဘာလ ၅ရက်နေ့က စစ်ကောင်စီဟာ ညောင်ဦးမြို့က ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်တဲ့ ရွာတွေကို စီမံကိန်း လုပ်ကွက် ကျပ်သိန်း ၂၀၀၀ ချပေးမယ်လို့ မက်လုံးပေးနေတယ်လို့ သိရပါတယ်။
“အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်တယ်လို့ကြားတယ်။ရွေးကောက်ပွဲကိုအောင်မြင်အောင်ပြုလုပ်ရန်ဖိအားပေးတယ်။ ရွေးကောက်ပွဲကိုအောင်မြင်အောင်လုပ်နိုင်တဲ့အုပ်စုကိုလုပ်ပိုင်ခွင့်သိန်း ၂၀၀၀ ချမယ်လို့သိရတယ်”လို့ အဆိုပါ ဒေသခံက BBMကိုပြောပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာလ ၁၉ရက်နေ့ကလည်း ကူတော ဖက်လန်ကုန် စက်စက်ယို ရွာပုလဲ မြေနဲကြီး တောင်တော ကန်တိန် တယ်ပင်တဲ ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
“စခတွေ စစ်ကြောင်းထိုးလို့ ကူတော၊ ဖက်လန်ကုန်၊ စက်စက်ယို၊ ရွာပုလဲ၊ မြေနဲကြီး၊ တောင်တော၊ ကန်တိန်၊ တယ်ပင်တဲ ရွာက ရွာခံတွေ စစ်ရှောင်နေကြရတယ်”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေကို မြေပြင်ရော လေကြောင်းကပါ အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်လာနေသလို စကစလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို အခုလို ငွေကြေးနဲ့ အာဏာတွေကို မက်လုံးပေးပြီး ဆွဲဆောင်လာတာပဲဖြစ်ပါတယ်။
ပုံ-Social Media
#BBM#News#UpdateNews#NyaungOo#Junta