သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေမှာ ပိုမိုခံစားနေကြရပြီး အသက်သေဆုံးမှုတွေအထိရှိလာနေ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ၀မ်ပေါင်တရုတ်ကြေးနီ စီမံကိန်းရဲ့ မဆင်မခြင် မြေစာပုံစွန့်ပစ်မှုတွေကြောင့် ပတ်၀န်းကျင်ကို ဆိုးဆိုးဝါးဝါးထိခိုက်မှုတွေရှိနေပြီးတော့ ရွာခံတွေဟာလည်း ကျောက်ရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုကြပ်တဲ့ရောဂါတွေခံစားနေကြရပြီး သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေမှာ ပိုမိုခံစားနေကြရကာ အသက်သေဆုံးမှုတွေအထိရှိလာနေတယ်လို့ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၀င် တစ်ယောက်က BBM ကို အောက်တိုဘာလ ၂၅ရက်နေ့က ပြောပါတယ်။
အသက်ရှူကြပ်တဲ့ရောဂါ ဖြစ်လာရင် နှလုံးရေဝပ်သလိုမျိုးခံစားရပြီး ချွဲတွေကောအဆက်မပြတ်ထွက်တာတွေကြောင့် လူကြီးတွေ ဒဏ်မခံနိုင်ဘဲ သေဆုံးရတာတွေရှိနေပြီး လူငယ်တွေမှာလည်း အချိန်နှစ်ပတ်ခန့် အသက်ရှူကြပ်တဲ့ ဒဏ်ကို ကျော်လွှားနိုင်မှသာ ရောဂါပျောက်ကင်း သွားတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
“တရုတ်စီမံကိန်းကြောင့် အသက်ရှုကြပ်ရောဂါတွေ အဆုတ်ရောဂါတွေ နှလုံးရောဂါတွေ ကျောက်တည်တဲ့ရောဂါတွေကို ဒေသခံ ပြည်သူတွေ ခံစားနေရပြီး အသက်ရှူကြပ်ပြီးသေဆုံးတဲ့ လူကြီး လေးငါးယောက် ရှိနေပြီ။ ကူးစက်တတ်တဲ့ ကိုဗစ်ရောဂါပိုးလိုပဲ”လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။
ဒါ့အပြင် အဆိုပါ မြေစာပုံစွန့်ပစ်မှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာကာ အနီးအနားက ဓာတ်တိုင်ကြီးတွေ အဆောက်အအုံတွေမှာ အဝါရောင် အစေးတွေကပ်လာနေပြီး ရွာခံတောင်သူလယ်သမားတွေရဲ့ နွား၊ဆိတ်၊သိုး ကျောင်းတဲ့ နယ်မြေတွေကို ခြံစည်းရိုးခတ်ပစ်တာကြောင့် ဒေသခံပြည်သူတွေဟာ ကျန်းမာရေးအတွက်သာမကဘဲ အခြေခံ စား၀တ်နေရေး ဖြေရှင်းဖို့ကိုတောင် အနိုင်နိုင်ရုန်းကန်နေရတယ်လို့ သိရပါတယ်။
“ရွာတွေနဲ့ ကပ်ရပ်ထိ စွန့်ပစ်လာနေတာဗျ။ အနီးနားဓာတ်တိုင်တွေ မီးတိုင်အကြီးကြီးတွေမှာဆိုရင် အဝါရောင်အစေးများ ကပ်နေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဆားလင်းကြီး ညောင်ပင်ကြီးလမ်း ဘေးကပ်ရပ်ကလမ်းတွေအထိ ခြံစည်းရိုးတွေခတ်ကာ ဒေသခံတွေ လုပ်ကိုင်စားဖို့ ကြပ်တည်းအောင် လုပ်သွားကြတယ်ဗျ။ ဒီနေရာတွေဆိုတာ အရင်က ရွာခံတွေရဲ့ ဆိတ်၊သိုးကျောင်းတဲ့နေရာတွေပေါ့။ မိရိုးဖလာ ဟင်းရွက်ခူးတဲ့ နေရာတွေပေါ့။ တရုတ်က စကစနဲ့ပေါင်းပြီး အရင်ကထက် ပိုမိုယုတ်မာလာတာဖြစ်တယ်”လို့ ဆိုပါတယ်။
ရောဂါခံစားနေရတဲ့သူတွေထဲက ပိုက်ဆံတတ်နိုင်ပြီး ဆေးခန်းသွားပြနိုင်သူတွေရဲ့ ပြောပြချက်အရ သွေးခဲတဲ့ကိစ္စရပ်တွေအဓိက ဖြစ်နေပြီး တော်တော်များများကတော့ ငွေကြေးမတတ်နိုင်တာကြောင့် သေဆုံးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။
“လက်ရှိ အခြေအနေကဖျားနာလောက်သာ ကုသခွင့်ရနေပြီး ခုနကပြောတဲ့ အဆုတ်ရောဂါ အသက်ရှူကြပ်ရောဂါ၊ကျောက်တည်ရောဂါတွေကြောင့် ပိုက်ဆံ မတတ်နိုင်လို့ သေတာကော စကစကြောင့်သေတာကောဆိုတော့ လူ့ငရဲတွင်းလိုပဲ ဖြစ်နေကြပါတယ်”လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အဆိုပါ တရုတ်ကြေးနီစီမံကိန်းကနေ ထွက်တဲ့ ကြေးနီတွေကို ကုန်ကြောင်းရော ရေကြောင်းကပါ လမ်း၂သွယ်အသုံးပြုပြီး သယ်ယူပို့ဆောင်နေတယ်လို့ သိရပါတယ်။
“စကစတွေက ကြေးပြားတွေကို ခဏတိုင်း ရေကြောင်း၊ ကုန်းကြောင်းနှစ်သွယ်နဲ့ ထုတ်နေတယ်ဗျ။ ဒါတွေက ပြည်သူ့ရဲဘော်တွေအတွက် ပြည်သူ့အတွက် အန္တာရယ် ပြုနိုင်တာ ဖြစ်သလို ပြည်သူ့ သယံဇာတတွေကိုလည်း ဆုံရှုံးရာရောက်တာမို့ ဒီရက်ပိုင်းတွေဟာ ၁၀၇ မမရှောတိုက်ဒုံးတွေနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်”လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။
စစ်ကောင်စီ ဘက်ကလည်း တရုတ်ထုတ် ထောက်လှမ်းရေး ပူဖောင်းတွေနဲ့ စုံစမ်းထာက်လှမ်းတာတွေ လုပ်တောင်လာနေတယ်လို့ သိရပါတယ်။
“တရုတ်ထုတ် လေပူဖောင်းတွေနဲ့ ထောက်လှမ်းရေး လုပ်တာမျိူးလည်း ယင်းမာပင်ခရိုင် အတွင်း နေရာအနှံ့ ပါပဲ”လို့ သူကဆက်ပြောပါတယ်။
အဆိုပါ တရုတ်၀မ်ပေါင်စီမံကိန်းဟာ အာဏာမသိမ်းခင်ကလည်း ရွာခံတွေနဲ့ ပြဿနာတွေတက်ခဲ့ဖူးပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စကစ အားကိုးနဲ့ အခုလို ပိုမိုဆိုးရွားစွာ လုပ်ဆောင်လာနေတာပဲဖြစ်ပါတယ်။
ပုံ-Social Media
#BBM#News#UpdateNews#၀မ်ပေါင်ကြေးနီစီမံကိန်း#Junta#China