ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပရဟိတလုပ်နေတဲ့ လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းမှာ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက အသင်းဝင်လူငယ်တစ်ဦးဟာ ကွမ်းတောင်ကျေးရွာအနီးကို လူနာတင်ပို့နေစဥ် စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။
သေဆုံးသွားတဲ့သူမှာ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း (ပရဟိတ) အသင်းက အသက်အငယ်ဆုံးဖြစ်တဲ့ အသက် (၁၄) နှစ်အရွယ် ကိုလတ် (ခေါ်) မောင်ဌေးအောင်ဟိန်းပဲ ဖြစ်ပါတယ်။
ကိုလတ် (ခေါ်) မောင်ဌေးအောင်ဟိန်းဟာ ပရဟိတလောကကို အသက် ၁၀ နှစ်သား အရွယ်ကတည်းပင် တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။
ကိုလတ် (ခေါ်) မောင်ဌေးအောင်ဟိန်းဟာ ဒေသအတွင်းမှာ ပရဟိတလုပ်ကိုင်ဆောင်ရွက်တာကို စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အသက်ငယ်ငယ်နဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအသင်းကို ဝင်ရောက်လာတဲ့ လူငယ်တစ်ဦး ဖြစ်တယ်လို့လည်း သူနဲ့နီးစပ်တဲ့ မိသားစုဝင်တွေက ပြောပါတယ်။
တစ်ခါတစ်ရံ ကိုလတ် (ခေါ်) မောင်ဌေးအောင်ဟိန်းဟာ လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်နေရင်း သူနဲ့ နီးစပ်ရာ စစ်ဘေးရှောင်တွေကိုလည်း သူဝါသနာပါတဲ့ ဂီတအနုပညာနဲ့ သီချင်းတွေဆိုပြလေ့ရှိတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ရုံးစိုက်ရာ စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောစတဲ့ ကျေးရွာတွေကို ရေကြောင်း၊ ဒရုန်းတွေနဲ့ နေ့စဥ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်စစ်မျက်နှာမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်က မြို့ရွာတွေ၊ လူနေထူထပ်တဲ့နေရာတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေကာ စစ်ရာဇဝတ်မှုတွေ ပြောင်းပြောင်းတင်းတင်းကျူးလွန်နေတာလည်း ဖြစ်ပါတယ်။