ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ၊ ပူးပေါင်းမဟာတပ်တွေဟာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးအဆက်မပြတ် ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။
ကပစ ၁၆ စက်ရုံရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ပွိုင့် (၆၆၆) စခန်းကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄) ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီဟာ မသုန်ချောင်းရဲ့ တစ်ဖက်ခြမ်းက မြောက်ဘက်ကုန်းကျေးရွာအနီးမှာ လက်နက်ကြီးစခန်းတွေ ပြုလုပ်ပြင်ဆင်နေပြီး လက်ရှိမှာတော့ မသုန်ကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကပစ ၁၆ စက်ရုံဟာ ထိုးစစ်အမြန်ရောက်ဖို့နီးကပ်တာကြောင့် စစ်ကောင်စီတပ်ကလည်း အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့လည်း သိရပါတယ်။
“စစ်ကောင်စီတပ်ဟာ ပွိုင့် ၆၆၆ စခန်းကုန်းကျပြီးနောက် မသုန်ချောင်းရဲ့တစ်ဖက်မှာ အမြောက်စခန်းတွေ၊ လက်နက်ကြီးစခန်းတွေ ချထားပါတယ်။ အဲဒီကနေပြီးတော့မှ မသုန်ရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။ အဲဒီကျေးရွာအနီးအနားမှာပဲ တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပါတယ်” လို့ AA နဲ့ နီးစပ်တဲ့စစ်ရေး သတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ မသုန်ကျေးရွာအနီးကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Y-12၊ Y-Y8 စတဲ့ တိုက်ခိုက်ရေး လေယာဥ်တွေနဲ့ ဗုံးအဆက်မပြတ်လာရောက်ကြဲချ တိုက်ခိုက်မှုတွေရှိနေတယ်လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ကပစ ၁၆ စက်ရုံအနီးကို ထိုးစစ်ဆင်လာတာကြောင့် စစ်ကောင်စီတပ်ကလည်း ကပစ ၁၆ စက်ရုံကို အင်အား ၂၀၀ ကျော် ဖြည့်တင်းကာ ခုခံကာကွယ်ဖို့အတွက် တပ်ပြန်လည်ဖွဲ့စည်း ပြောင်းလဲနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာလည်း အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ကပစ ၁၆ စက်ရုံရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ မသုန်ကျေးရွာအနီးက ကာကင်းစခန်းတစ်ခုကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း တော်လှန်းရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
“မသုန်ကျေးရွာရဲ့ ရှေ့က ကာကင်းစခန်းတစ်ခုကို AA နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီစခန်းကျသွားတော့ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ မသုန်ကျေးရွာအနီးကို ရောက်ရှိလာတာပါ။ မသုန်ကျေးရွာနဲ့ဆိုရင် ကပစ ၁၆ စက်ရုံဟာ သိပ်မဝေးတော့ပါဘူး။ အဲဒီ မသုန်ရွာအနီးက စစ်ကောင်စီရဲ့ ခံစစ်စခန်းတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ရင် ကပစ ၁၆ စက်ရုံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ် ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကို ပြောပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့မှာတော့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ညောင်းကျိုးကျေးရွာနဲ့ ဆင်လန်းကျေးရွာရှိ ကာကင်းစခန်းတွေမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်လာနေတယ်လို့လည်း သိရပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဆင်လန်းကျေးရွာရဲ့ အနောက်ဖက်မှာတော့ ၇ မိုင်ခန့်ကွာဝေးတော့တဲ့ ညောင်ခြေထောက်ကျေးရွာအနီးမှာ ကပစ ၆ စက်ရုံတည်ရှိနေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အဆိုပါစက်ရုံကို ကာကွယ်ဖို့အတွက် ဆင်လန်းကျေးရွာနဲ့ ညောင်ခြေထောက်ကျေးရွာအနီးမှာ ခံစစ်ဆင့်ဆင့် ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ တော့ ကပစ ၅၊ ၆၊ ၉ နဲ့ ၁၆ စက်ရုံတို့ တည်ရှိနေတာဖြစ်ပြီး ကပစ ၁၆ စက်ရုံဟာ ထိုးစစ်အမြန်ရောက်ဖို့ နီးကပ်တာကြောင့် AA နဲ့ ပူးပေါင်းတပ်တွေဟာ ကပစ ၆ စက်ရုံအနီးကို စစ်ကြောင်းတစ်ကြောင်းနဲ့ ကပစ ၁၆ စက်ရုံအနီးကို စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းနဲ့အတူ စစ်မျက်နှာ (၂) ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။