မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မှာ အသက် (၁၃)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့က မြို့ခံပြည်သူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်မှုအတွက် တရားခံကို သေမိန့်ပေးရေး မြို့နေပြည်သူအချို့က အောက်တိုဘာလ ၂၆ ရက်၊ နေ့လယ်ပိုင်းမှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
ပြစ်မှုကျူးလွန်သူဟာ အသက် (၂၁) နှစ်အရွယ် ကိုမင်းမင်းစိုး ဖြစ်ပြီး တပ်မှထွက်ပြေးထားတဲ့ ဒေသတော်လှန်ရေးရဲဘော်ဟောင်းတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။
“တလရရဲဘော်ဟောင်းပါ၊ လက်ရှိ ပလဖ က စစ်ဆေးနေပါတယ်၊ တပ်ပြေးလို့ သိထားရပါတယ်” လို့ ယောဒေသသတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းမှ တာဝန်ရှိသူက BBM ကို ပြောပါတယ်။
အဆိုပါ တရားခံဟာ အောက်တိုဘာလ ၂၁ ရက်က ဆောမြို့နေ အသက် (၁၃)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကာ အလောင်းကို ဆောမြို့ ဆေးရုံရှိ အခန်းတစ်ခုမှာ ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လောလောဆယ်စစ်မေးနေတုန်းပါဗျ၊ အပြစ်ကတော့ပေးမှာပါ၊ တရားခံလို့တော့ သတ်မှတ်လို့ ရပါပြီဗျ၊ နောက်ဆက်တွဲ စစ်ဆေးစရာတွေကို အုပ်ချုပ်ရေးပိုင်းက ဆက်လုပ်နေကြပါတယ်” လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။
တရားခံ မင်းမင်းစိုးဟာ အရင်ကလည်း မုဒိန်းမှုကျူးလွန်ခဲ့ဖူးသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြသလို တရားခံကို သက်ဆိုင်ရာအဖွဲ့အစည်းက ဖမ်းဆီးကာ အသေးစိတ်စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်းကိုလည်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။
Video-ယောအလင်းတန်း