ရဲတပ်သား ရည်မွန်အပါ စကစ ၂ ဦးသေဆုံးပြီး ကိုယ်ဝန်သည်မိန်းမကို ထောက်ပံ့ငွေပေး ပြန်လွှတ်
ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ ရဲလင်မယားကို တော်လှန်ရေးတပ်ဖွဲ့တွေက စကစယူနီဖောင်းဝတ်ပြီး သွားရောက်ရှင်းလင်းရာ ရဲတပ်သားကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကိုယ်ဝန်သည်မိန်းမကို ငွေကြေးထောက်ပံ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက BBM ကိုပြောပါတယ်။
ပခုက္ကူလေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေကို ငွေတောင်းယူနေတဲ့ စစ်ကောင်စီ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက သတင်းရလျင်ရချင်း စစ်ကောင်စီ ယူနီဖောင်းဝတ်ဆင်ပြီး ဆိုင်ကယ်နဲ့သွားရောက်ခဲ့ရာ နိုဝင်ဘာလ ၁ ရက်၊ မနက် ၇ နာရီ ၂၉ မိနစ်မှာ ရဲတပ်သားကို အသေပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် မိန်းမဖြစ်သူကို အရှင်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“လေယာဉ်ကွင်းထိပ်မှာ သူတို့ ခေါင်းပေါင်းကနေ တရားဝင် ဂိတ်ကောက်ခိုင်းတာတော့ မဟုတ်ဘူး၊ သူတို့က ကြားပေါက်ရှာတာပေါ့ တရက်ကို ၂ ယောက် သို့မဟုတ် ၃ ယောက်လောက်က ကြားပေါက်ပေါ့၊ သောက်ဖိုးစားဖိုးလေးရ တောင်းပြန်သွားပေါ့ အဲအခြေအနေလေးတွေပေါ့၊ ကျနော်တို့ကလဲ အဲပွိုင့်လေးတွေ ရနေတဲ့ အခြေအနေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားတယ်၊ သူတို့စကောက်နေပြီဆိုတာနဲ့ ကျနော်တို့ ခွေးယူနီဖောင်းတွေ ဝတ်ဆင်ပြီးကာမှ ဆိုင်ကယ်စီးတယ်၊ လေယာဉ်ကွင်းထိပ်ရောက်တဲ့အခါမှာ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တယ်၊ မင်းဘာလဲ ဂိတ်ကောက်နေတာလား မင်းတို့ဘယ်ဂိတ်ကတုန်း စက်မှုဇုန်ဂိတ်ကပေါ့၊ ကျနော်တို့ကလဲ ပြောပြီး ဖောင်းဖောင်းဖောင်း ချလိုက်တာပေါ့၊ မိန်းမကကျ ကျမဗိုက်ကြီးသည်ပါ မသတ်ပါနဲ့ပြောတာနဲ့ ကျနော်တို့ ဖမ်းဆီးခေါ်ဆောင်တယ်” လို့ ကိုအောင်မောင်းက BBM ကို ရှင်းပြပါတယ်။
အဲဒီလို ပစ်ခတ်ရှင်းလင်းပြီးနောက် အခင်းဖြစ်တဲ့နေရာနဲ့ မီတာ ၂၀၀ ခန့်အကွာရှိ စစ်ကောင်စီ ဂိတ်စခန်းမှ ပစ်ကူပေးပစ်ခတ်လာတာကြောင့် တော်လှန်ရေးရဲဘော်တွေက ၄၀ မမ တစ်လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ မီတာ ၂၀၀ အကွာအဝေးက ကင်းဘန်ကာကနေ ကျနော်တို့ကို ထောက်တယ်၊ ကျနော်တို့က ၄၀ မမ တစ်လုံးပြန်ကျွေးလိုက်တယ် အဲဒီမှာ ခွေးတကောင် ထပ်ကျတယ်လို့ သိရပါတယ်” လို့ ကိုအောင်မောင်းက ဆက်ပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခဲ့သူမှာ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ရည်မွန်ဖြစ်ပြီး အရှင်ဖမ်းဆီးခဲ့တဲ့ ကိုယ်ဝန် ၅ လရှိနေတဲ့ သူ့ရဲ့မိန်းမဖြစ်သူကိုတော့ လိုအပ်တာတွေ စစ်ဆေးမေးမြန်းပြီးနောက် ငွေကြေးထောက်ပံ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
“ဖမ်းဆီးရရှိတဲ့ ကိုယ်ဝန်ဆောင် မိန်းမကိုလည်း ကျနော်တို့ စစ်ဆေးမေးမြန်းပြီးတော့ ဗိုက်ထဲမှာရှိနေတဲ့ ကလေးလည်း ရှေ့ရေးအတွက်ပေါ့ ကျနော်တို့ ပြန်လွှတ်လိုက်ပါတယ်၊ ငွေကြေးထောက်ပံ့မှုလည်း တတ်နိုင်သလောက်တော့ ငွေကြေးပေးလိုက်ပါတယ်၊ သိမ်းဆည်းရရှိတာကတော့ ဆိုင်ကယ် တစ်စီးနဲ့ MA1 တစ်လက်ပေါ့” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး MA1 သေနတ် ၁ လက်၊ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို Southern Yesagyo တပ်ပေါင်းစု ဖြစ်တဲ့ Southern YSO PDF ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းညီနောင် PDF -PKU ၊ ပြည်သူ့အားမာန်၊ King Cobra နဲ့ ဒေါင်းစစ်သည် တပ်ဖွဲ့တွေမှ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Photo – Southern YSO PDF