စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာရှိ စစ်ကောင်စီ ရဲ၊ ပျူစောထီး၊ စစ်သား စုပေါင်းဂိတ်ကို လက်နက်ငယ်၊ RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက BBM ကို ပြောပါတယ်။
နိုဝင်ဘာလ ၄ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို လက်နက်ငယ်အပြင် ရဲဘော် ပေါ့ဘာက ရဲရင့်စွာ လမ်းပေါ်အထိတက်ပြီး ဘန်ကာထဲသို့ RPG နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ပထမဆုံး လက်နက်ငယ်နဲ့ပစ်တဲ့အချိန်မှာ မျက်မြင် ၁ ကောင်သေတယ်၊ အဲ့အချိန်မှာ ကစဉ့်ကလျားဖြစ်သွားတဲ့ စခတွေဟာ ဘန်ကာထဲကို အားလုံးစုပြီးတော့ ၀င်သွားကြတယ်၊ အဲ့လိုပြေး၀င်သွားတဲ့အချိန်မှာ ရဲဘော် ပေါ့ဘာက မိန်းလမ်းပေါ် တည့်တည့်တက်ပြီးတော့ RPG နဲ့ချိန်ပြီးတော့ ပစ်လိုက်တယ်၊ အဲ့လိုပစ်တဲ့အချိန်မှာ မီးခိုးလုံးကြီးတွေ တက်လာပြီးတော့ ဘန်ကာကြီးပွင့်ထွက်သွားတယ်၊ အဲ့ဒီနောက် လှုပ်ရှားမှု မတွေ့ရတော့ဘူးပေါ့နော်၊ လယ်သစ်ရွာက အုပ်ကြီး ကိုမင်းကတော့ နေရာမှာပဲ ပွဲချင်းပြီးသေတယ်”လို့ ဗိုလ်သက်ကြီးက ပြောပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားချိန်ဟာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး Zero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“နေ့ခင်းမွန်းလွဲ ၂ နာရီမှာ စပြီးတော့ လုံးတယ်၊ ပစ်ခတ်တယ်ပေါ့နော်၊ တိုက်ပွဲဖြစ်ပွားချိန် အစဆုံး မိနစ် ၂၀ လောက်ကြာတယ်၊ ပြန်လည်ခွာစစ်ဆင်တဲ့အထိ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ”လို့ ဗိုလ်သက်ကြီးက ဆက်လက်ပြောကြားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးရဲဘော်တွေက လက်နက်၀င်ကောက်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ခမရ ၁၅ မှ စစ်ကားအကြီး ၃ စီးနဲ့ စစ်ကူလာနေကြောင်း သတင်းကြားသဖြင့် အမြန်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။
အဲဒီလို တော်လှန်ရေးရဲဘော်တွေ ခွာစစ်ဆင်နေစဉ် စစ်ကောင်စီလက်ပါးစေ သတင်းပေး ၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့တာကြောင့် သက်ဆိုင်ရာကို အပ်နှံခဲ့ကြောင်းကိုလည်း အသိပေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အဆိုပါ စစ်ကောင်စီဂိတ်ဟာ မြင်းခြံမြို့အခြေစိုက် ခလရ ၁၅ တပ်ရင်းဌာနချုပ်နဲ့ ၂ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့၊ ရွှေကံသားစစ်ကြောင်း (မြင်းခြံမြို့နယ် ပကဖ) တို့ပူးပေါင်းပြီး စစ်သူကြီး(ဒေါင်းစစ်သည်- Zero Column 5)က စစ်ကြောင်းမှူးအဖြစ်ဆောင်ရွက်၍ ရန်ကုန်အကြီးကောင် စစ်ကြောင်း ၁၊ ရွှေကံသားစစ်ကြောင်း ၂ တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo – ကိုသက်ကြီး