ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်းကျည်းကုန်းတောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ပြီးပြန်လာတဲ့ စစ်ကောင်စီရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာပျက်ကျတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၆ ရက်၊ မနက် ၁၁ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်းတစ်စီးအပါအဝင် မုန်းမြို့အခြေစိုက် ခမရ (၅၉၀) တပ်ရင်းမှ ၁၂၀ မမ တို့နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၆ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာလည်း စစ်ကောင်စီဟာ မန်းကျည်းကုန်းတောင်ကျေးရွာမှ ပြည်သူလူထုတွေနေထိုင်တဲ့ နေအိမ်တွေကို Gyrocopter ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် မန်ကျည်းကုန်းတောင်ကျေးရွာမှ ဦးမောင်ငယ် (၅၅) နှစ်မှာ ဗိုက်ပွင့်ထွက်၍ သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အဦ (၆) လုံးလည်း ပျက်စီးသွားတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဆိုပါတယ်။
မန်းကျည်းကုန်းတောင်ကျေးရွာကို လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာ ပျက်ကျသွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားတယ်လို့ ပဲခူတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ပျက်ကျသွားတဲ့ Gyrocopter ရဟတ်ယာဥ် ၁ စီးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။
Photo-social media