စစ်ကောင်စီအလောင်း ၃ လောင်းတွေ့ရှိပြီး ဂိတ်စခန်းဘန်ကာများ မီးရှို့ဖျက်ဆီး
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝရုန်းသုန်းကား ထွက်ပြေးကြပြီး စကစတပ်သားအလောင်း ၃ လောင်းရခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူးက BBMကိုပြောပါတယ်။
နိုဝင်ဘာလ ၅ ရက်၊ မနက် ၆ နာရီခန့်မှာ တောင်သာမြို့ပေါ်ခြေကုတ်ယူထားတဲ့ မကျီးရိုးဂိတ်၊ ပိဿနိုးတောင်၊ ဇဂျမ်းအထွက်သံလမ်းဂိတ် တွေကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“တောင်သာမြို့နယ်က စကစတွေ ခြေကုပ်ယူထားတဲ့ ဂိတ် ၃ ခုကို တပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဗျ၊ ပထမဆုံး ကျည်စပေါက်တဲ့ မကျီးရိုးဂိတ်ကို သိမ်းလိုက်နိုင်တယ်၊ နောက်ပြီးတော့ ဗိဿနိုးတောင်ပေါ်က ခြေကုပ်ယူထားတဲ့ ဘန်ကာ ၁၃ လုံးထဲက ၁၁ လုံးကို သိမ်းပိုက်နိုင်ခဲ့တယ်ဗျ”လို့ အဆိုပါတပ် တာ၀န်ခံက BBM ကို ပြောပါတယ်။
မကျီးရိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝရုန်းသုန်းကား အပြိုင်အဆိုင် ထွက်ပြေးကြပြီး ဘန်ကာတွေအတွင်းမှ အလောင်း ၃ လောင်းတွေ့ရှိခဲ့တဲ့အပြင် အများအပြားလည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
မကျီးရိုးဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်အနေနဲ့ ခြေကုတ်ယူပြီး ထိန်းထားနိုင်သော်လည်း စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲပါက မြို့ပေါ်နေပြည်သူတွေထိခိုက်မှာကို စိုးရိမ်တာကြောင့် ဂိတ်ဘန်ကာတွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပိဿနိုးတောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဉ်မှာလည်း စခန်းရှိ စစ်ကောင်စီတပ်သားတွေ အလားတူထွက်ပြေးကုန်တာကြောင့် ပိဿနိုးတောင်ပေါ်ရှိ ဘန်ကာ ၁၃ခု အနက် ဘန်ကာ ၁၁ ခု အထိသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇဂျမ်းအထွက်သံလမ်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဂိတ်စခန်းကိုတော့ သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
“ဇဂျမ်းဂိတ်ကတော့ မြို့အရှေ့ဘက်က ကျည်ပေါက်သံ စစကြားချင်းမှာပဲ စကစတွေက ဂိတ်ထဲကို ၀င်ရောက်နေရာယူထားတာ ဖြစ်တဲ့အတွက် အဲဒီဇဂျမ်းအနောက်ဘက်ဂိတ်ကို မသိမ်းလိုက်နိုင်ဘူးပေါ့၊ အပြန်အလှန် ထိတွေ့မှုတော့ ဖြစ်ခဲ့တာပေါ့”လို့ ဗိုလ်မူတူးက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးညမှာပဲ လေကြောင်းကနေ ပြည်သူတွေနေထိုင်တဲ့ နေရာကို ဗုံးနဲ့လာရောက်ကြဲချသွားတာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။
“ကျွန်တော်တို့ တိုက်ပွဲဖြစ်တုန်းကတော့ လေယာဉ်တက်လာတာမျိုး၊ လေကြောင်းပစ်ကူရောက်လာတာမျိုးမရှိဘူးဗျ။ ညရောက်တော့မှ ပြည်သူတွေရှိတဲ့ ရွာထဲကိုကြဲသွားတာဗျ၊ အမျိုးသမီး ၁ ယောက်သေတယ်၊ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဗျ”လို့ ဗိုလ်မူတူးက ဆက်ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့သော်လည်း အေးဆေးစွာ ပြန်လည်းဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Video – မြင်းခြံခရိုင် တပ်ရင်း ၃