လေးကေ့ကော်တိုက်ပွဲတစ်ခုတည်းတင် ပြည်သူ့စစ်မှုထမ်း ပစ ရာဂဏန်းထက်မနည်းသေဆုံး
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ် စွယ်တော်ကုန်းနဲ့ ရသေ့ဂူအနီးပတ်ဝန်းကျင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မ (၂၂) မှ သေဆုံးထိခိုက်မှုများနေပြီး စစ်လက်နက်ပစ္စည်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာ အာရှလမ်းမကြီးနဲ့ သင်္ကန်းညီနောင်မြို့တို့ကို ရရှိပြီးတဲ့နောက် မြဝတီမြို့နယ်အတွင်းရှိ လေးကေ့ကော်ဒေသကို တပ်မ(၂၂)မှ အင်အားတွေနဲ့ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။
လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာရာမှာ အဓိက ပင်မစစ်ကြောင်းကြီး (၂)ခုနဲ့ ဦးတည်တိုက်ခိုက်ခဲ့သလို အဲဒီပင်မစစ်ကြောင်းတွေမှတဆင့် စစ်ကြောင်းငယ်တွေ အဆင့်ဆင့်ခွဲပြီး စစ်မျက်နှာများစွာနဲ့ အတင်းတိုးဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွေဟာ လေးကေ့ကော်မြို့ရှိ ရေကန်ကုန်း၊ ဆေးပေးခန်းနဲ့ မြို့တွင်းနေရာတွေကို ပြီးခဲ့တဲ့လတွေအတွင်းရရှိပြီးတဲ့နောက် လေးကေ့ကော်စိုးမိုးကုန်းဖြစ်တဲ့ စွယ်တော်ကုန်းကိုပါ ထပ်မံရရှိသွားတယ်လို့ သိရပါတယ်။
လေးကေ့ကော်ကိုထိုးစစ်ဆင်နေတဲ့ တပ်မ(၂၂) စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား နေ့စဥ်တိုက်ပွဲပြင်းထန်လျက်ရှိရာ အခုရက်ပိုင်းအတွင်းမှာတင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိပြီး အလောင်းအချို့ရရှိတာတွေလည်းရှိတယ်လို့ သိရပါတယ်။
“မနေ့ကမှ ဒရုန်းနဲ့တိုက်တာ စစ်တပ်က ၂ယောက် ပွဲချင်းပြီးသေတယ် (၃)ယောက်ဆေးရုံတင်လိုက်ရတယ်၊ ဟိုဘက်နေ့ကလည်း ဒရုန်းနဲ့ပဲတိုက်တာ (၃)ယောက် အလောင်းရလိုက်တယ်” လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။
စစ်ကောင်စီအနေနဲ့ စွယ်တော်ကုန်းနဲ့ လေးကေ့ကော်ကို ရရှိပြီလို့ပြောဆိုနေပေမဲ့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းမျိုးမဟုတ်ဘဲ အခုတိုက်ပွဲပြင်းထန်စွာဖြစ်ပွားတဲ့နေရာတွေကလည်း စစ်ကောင်စီသိမ်းပိုက်ထားပါတယ်ဆိုတဲ့ စွယ်တော်ကုန်းအောက်ခြေနဲ့ ရသေ့ဂူပတ်ချာလည်တွေမှာ ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“အခု တိုက်ပွဲပြင်းထန်ပြီး အလောင်းလက်နက်တွေရနေတာက စွယ်တော်ကုန်းအောက်ခြေနဲ့ ရသေ့ဂူဘက်ကတိုက်ပွဲတွေဆီကရနေတာဟုတ်တယ်၊ ပစ္စည်းတွေ၊ လက်နက်တွေကော ရတော့ရနေတယ်” လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်မှ စစ်မှုထမ်းဆင်းသင်တန်းသားတွေကို ရှေ့မှထားပြီး အသေခံတိုက်ခိုင်းနေတယ်လို့လည်း မြေပြင်ရဲဘော်တွေက ပြောပါတယ်။
လေးကေ့ကော်တိုက်ပွဲတစ်ခုတည်းမှာတင် ပြည်သူ့စစ်မှုထမ်းဆင်းသင်တန်းသားတွေကို ရှေ့မှအသေခံတိုက်ခိုင်းတာကြောင့် (ပစ) ရာဂဏာန်းထက်မနည်း သေဆုံးခဲ့ပြီး အလင်းဝင်ရောက်လာတဲ့ (ပစ)တွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့မျက်မြင်တင်ကို ပစ ရာဂဏန်းကျော် လေးကေ့ကော်တိုက်ပွဲမှာသေပြီ၊ ခုသူတို့အခြေအနေက ပစ တွေကို ရှေ့ကအတင်းတွန်းတင်ပြီးတက်ခိုင်းနေရတဲ့အခြေအနေမျိုးဖြစ်တယ်၊ အလင်းဝင်လာတဲ့ ပစ တွေလည်းရှိတယ်ပေါ့နော်” လို့ နောက်ထပ်မြေပြင်ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။
လေးကေ့ကော်တိုက်ပွဲအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်တပ်က ရှေ့မှအသေခံတိုက်ခိုင်းတာကြောင့် ရာဂဏန်းထက်မနည်း တိုက်ပွဲအတွင်းသေဆုံးခဲ့ရတာကို တော်လှန်ရေးအင်အားစုတွေသာမက အလင်းဝင်ရောက်လာတဲ့ ပစ တွေကိုယ်တိုင်လည်း ဝန်ခံထွက်ဆိုထားတာတွေကို Social Media တွေပေါ်မှာ တွေ့ရပါတယ်။
Photo-ပုံဟောင်း