Sunday, December 21, 2025
Home » “မိုးကုတ်၊မိုးမိတ်”ကို အရင်မြို့တွေလို စစ်တပ်ကလွယ်လွယ်နဲ့ပြန်ရပါ့မလား?

“မိုးကုတ်၊မိုးမိတ်”ကို အရင်မြို့တွေလို စစ်တပ်ကလွယ်လွယ်နဲ့ပြန်ရပါ့မလား?

0 41
41

“မိုးကုတ်” ဒီရက်အတွင်း မိုးကုတ်မြို့ဟာ မြန်မာပြည်သူတွေရဲ့ကြားထဲ ရေပန်းစားနေတဲ့ မြို့လို့ပြောနိုင်ပါတယ်။ “မိုးကုတ်”ဟာ သဘာဝရင်းမြစ်ကြွယ်ဝပြီး ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ အရည်အသွေးမြင့် ပတ္ထမြားထွက်ရှိရာ မြို့ဖြစ်သလို အခြားရွှေနဲ့ တန်ဖိုးကြီး တွင်းထွက်ပစ္စည်းများစွာထွက်ရှိရာ မြို့လည်းဖြစ်ပါတယ်။

ဒီလို တွင်းထွက်နဲ့သယံဇာတ ကြွယ်ဝတဲ့ မိုးကုတ်မြို့ကို လက်ရှိ အုပ်ချုပ်ရေးအရ တာဝန်ယူထိန်းသိမ်းထားတာက တော်လှန်ရေးအင်အားစုတွေဘက်ကပဲဖြစ်ပါတယ်။

အဲ့ဒီမိုးကုတ်မြို့အပါအဝင် မိုးမိတ်မြို့တွေမှာရှိနေတဲ့ TNLAတပ်ဖွဲ့ဝင်တွေကို အကုန်ပြန်ရုတ်သိမ်းပြီးဆုတ်ခွါမယ်ဆိုတဲ့ ကြေငြာချက်ကို စစ်တပ်နဲ့ TNLAတို့ ကူမင်မြို့မှာတွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အောက်တိုဘာလ နောက်ဆုံးရက်တွေမှာ TNLAက တရားဝင်ကြေငြာသွားခဲ့တာရှိပါတယ်။

ဒီကြေငြာချက်ကပဲ အထက်မှာပြောခဲ့သလို “မိုးကုတ်”ဆိုတဲ့ မြို့ကို ဒီရက်ထဲ ပြည်သူတွေပိုမိုစိတ်ဝင်စားလာရတဲ့အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။

“မိုးကုတ်”အကြောင်းပြောရမယ်ဆိုရင် ဒီမြို့ကို တော်လှန်ရေးအင်အားစုတွေဘက်က စတင် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်ကနေ ပြောမှ ပြည့်ပြည့်စုံစုံနဲ့ သဘောပေါက်နိုင်ပါလိမ့်မယ်။

မြန်မာစစ်တပ်ကို အကြီးအကျယ်ပြိုလဲစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းအစမှာတင် ရှမ်းမြောက်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ ယခုမိုးကုတ်မြို့အပါအဝင်၊ မိုးမိတ်၊ကျောက်မဲ၊နောင်ချို၊သီပေါ၊ လားရှိုးမြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မိုးကုတ်မြို့ကို တော်လှန်ရေးဘက်က ရရှိခဲ့တာကိုရက်စွဲနဲ့အတိအကျပြောရမယ်ရင် ၂၀၂၄ ဒီဇင်ဘာနဲ့ ၂၀၂၅ ဇန်နဝါရီအစတို့လောက်မှာဖြစ်ပြီး ထိုအချိန်မှစကာ ယနေ့အထိ တော်လှန်ရေးအင်အားစုတွေကသာ မြို့ကိုစီမံအုပ်ချုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုရှမ်းမြောက်ကမြို့တွေအကုန်နီးပါးအသိမ်းခံလိုက်ရတဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ဖိအားအကူအညီ၊ စစ်လက်နက်နဲ့နည်းပညာအကူအညီ မြောက်များစွာယူပြီး အဆိုပါမြို့တွေကိုပြန်ရဖို့အတွက် ၂၀၂၅ခုနှစ်ကာလတစ်လျှောက်လုံး စစ်ရေး၊နိုင်ငံရေးနည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာခဲ့တာကိုတွေ့ရပါတယ်။

အင်အားကြီးတရုတ်နိုင်ငံရဲ့စွက်ဖက်ကူညီမှုနဲ့ ပထမဦးဆုံး စစ်တပ်ဘက်က ပြန်ရလိုက်တာဟာ ၎င်းတို့အတွက် ဂုဏ်သိက္ခာအကြီးအကျယ် ကျဆင်းခဲ့ရတဲ့ ရမခ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ပဲ ဖြစ်ပါတယ်။

လားရှိုးမြို့ဟာ တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ရှမ်းမြောက်နယ်မြေတစ်ခုလုံးကို စစ်ရေးအရ အမိန့်ပေးစေခိုင်းနိုင်ရာ သြဇာတိက္ကမ ကြီးမားတဲ့ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမြို့ဖြစ်ပါတယ်။

ဒီမြို့ကို တရုတ်ရဲ့အကူအညီဖြင့် ကိုးကန့်နဲ့ဆွေးနွေးကာ ပြန်ရပြီးတဲ့နောက် နောင်ချို၊ ကျောက်မဲနဲ့သီပေါတို့ကိုလည်း စစ်ရေးအရ ပြန်လည်တိုက်ယူကာ သိမ်းနိုင်ခဲ့ပါတယ်။

ဆိုတော့ ရှမ်းမြောက်မှာ စစ်တပ်ဟာ ၎င်းတို့လက်လွှတ်ခဲ့ရတဲ့မြို့တွေများစွာထဲမှာမှ ဒီနှစ်ထဲ လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါ မြို့လေးမြို့ကို ပြန်ရသွားပြီပဲဖြစ်ပါတယ်။

အဆိုပါမြို့လေးမြို့ ပြန်ပါသွားတာနဲ့ပတ်သတ်ပြီး ပြည်သူလူထုကြားထဲမှာတော့ အမြင်အမျိုးမျိုးရှိနေပြီး စစ်တပ်၊တရုတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဝေဖန်ပြောဆိုမှုအချို့တွေလည်း ရှိနေခဲ့ကြပါတယ်။

ဒါပေမဲ့ ယခု မိုးကုတ် မြို့ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းနိုင်ခဲ့တာခြင်းအတူတူဆိုပေမဲ့ ရှေ့ကပြန်ပေးလိုက်ရတဲ့ မြို့တွေနဲ့မတူခြားနားတဲ့ အချက်အလက်အချိူ့တွေလည်း ရှိနေပါတယ်။

စစ်တပ်ဆီပြန်ပေးလိုက်ရတဲ့ မြို့တွေကို ပြန်ကြည့်မယ်ဆိုရင် အဆိုပါမြို့တွေရဖို့တိုက်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ နွေဦးတော်လှန်ရေးအင်အားစုတွေပါ အတူပူးပေါင်းပြီး တိုက်ခဲ့တယ်ဆိုလင့်ကစား အုပ်ချုပ်ရေးပိုင်း၊စစ်ရေးပိုင်း ကိုတာဝန်ယူရာမှာတော့ ကိုးကန့်ဖြစ်စေ၊ TNLAဖြစ်စေ တစ်ဖွဲ့တည်းကသာ အဲ့ဒီမြို့တွေမှာ တာဝန်ယူခဲ့တာမျိုးတွေ့ရပါတယ်။

ဒါကြောင့်မို့လည်း လားရှိူးမြို့ကို ပြန်ပေးမယ်လို ဆုံးဖြတ်ခဲ့စဥ်က ကိုးကန့်တစ်ဖွဲ့တည်းကဆုံးဖြတ်ခဲ့တာဖြစ်သလို နောင်ချို၊ ကျောက်မဲ၊သီပေါဘက်က စစ်ရေးအခြေအနေတွေမှာလည်း TNLAကသာ အဓိက ကိုင်တွယ်ခဲ့တာကိုတွေ့ရပါတယ်။

ဒါပေမဲ့ မိုးကုတ်မြို့ဟာတော့ အဲ့ဒီလိုမဟုတ်ဘဲ မြို့ကိုစတင်သိမ်းပိုက်စဥ်ကနေ အုပ်ချုပ်ရေးဖော်ဆောင်တာတွေ၊ လုံခြုံရေး၊ကာကွယ်ရေးဆောင်ရွက်တာတွေအချိန်ထိကို TNLA တပ်ဖွဲ့နဲ့ အတူ နွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မန္တလေး PDF ၊ အညာဗျူဟာ၊ Tri ဗျူဟာ၊ အညာPDFများစွာသာမက ဒေသခံ မိုးကုတ်ဗျူဟာလိုတပ်ဖွဲ့တွေများစွာလည်း အတူတကွလုပ်ကိူင်ဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။

ဒါကြောင့်မို့လည်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖိအားမျိုးစုံတွေကြောင့် TNLAအနေဖြင့် မိုးကုတ်၊ မိုးမိတ်တို့မှ ပြန်လည်ဆုတ်ခွါသွားမယ်လို့ တရားဝင်ကြေငြာပြီးတာနဲ့တစ်ပြိုင်နက်တည်း အထက်မှာပြောခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေများစွာက မိုးကုတ်၊မိုးမိတ်နဲ့ စိုးမိုးနယ်မြေတွေအကုန်လုံးကို အဆုံးစွန်ထိ ဆက်လက်ကာကွယ်သွားမယ်ဆိုပြီး ထုတ်ပြန်ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုတော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ကြေငြာမှုတွေနဲ့ပတ်သတ်ပြီး စစ်တပ်လော်ဘီတွေ၊ သူ့လူကိုယ့်ဘက်သားဟန်ဆောင်ထားတဲ့ တချို့သောလူတွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေတောင် မနိုင်လို့ နောက်ဆုတ်ရတာကို PDF တွေက ကာကွယ်မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ကြောင်း ထိကနဲ၊ရိကနဲဖြင့် ပုံစံမျိုးစုံဖြင့်ပြောဆိုကာ မြေပြင်စစ်မရောက်ခင် စိတ်ဓာတ်စစ်ဆင်ရေးသဏ္ဍာန် စတင်ဆင်နွှဲနေတာကိုလည်း တွေ့ရပါတယ်။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်တစ်ဦး၊တစ်ယောက်တည်းရဲ့အမြင်အရဆိုရင် ဒီလိုအဆုံးစွန်ထိကာကွယ်မယ်ဆိုတဲ့ ကြေငြာချက်မျိုးကို တကယ်သဘောကျမိပါတယ်။ လေယာဥ်ရှိတိုင်း၊ တိုင်းပြည်ဘဏ္ဍာကို ဖောဖောသီသီသုံးပြီး နည်းပညာရှိတိုင်း အကြမ်းဖက်ပြ၊ ခြိမ်းခြောက်ပြနဲ့ လုပ်ချင်တိုင်းလုပ်နေတဲ့ စစ်တပ်ကို နွေဦးတော်လှန်ရေးအင်အားစုတွေက တူတူတန်တန် တရားဝင်စိန်ခေါ်လိုက်ခြင်းလို့ပဲဆိုခြင်ပါတယ်။ မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှမပါဘူး လူမိုက်လုပ်ပြီး အာဏာသိမ်းတဲ့စစ်တပ်ကို ၊ မခံချင်စိတ်နဲ့ လက်နက်ကိုင်တော်လှန်တဲ့ တပ်ဖွဲ့သီးသန့်နဲ့ပဲ ပြန်ချမယ်ဆိုတဲ့အနေအထားမျိုးပဲ ဖြစ်ပါတယ်။ အာဏာသိမ်းကာလအစောပိုင်း စစ်တပ်က စိန်ခေါ်ခဲ့တဲ့ “သေရဲတဲ့ကောင်ထွက်ခဲ့” ဆိုတဲ့စကားကို သေရဲတဲ့သူတွေ ထွက်ပြီး ရင်ဆိုင်နေတယ်လို့ပဲဆိုချင်ပါတယ်။

ဒီနေရာမှာနွေဦးတော်လှန်ရေးအင်အားစုတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး အနည်းငယ်ပြောစရာလေးတွေရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ ဒီ(၄)နှစ်တာကာလအတွင်း တိုက်ရင်းသင်ယူ၊ သင်ယူရင်းတိုက်နဲ့ တော်တော်လေး စစ်ရည်ဝကာ စစ်သားပီသလာနေတာကို ကျွန်တော်တို့ဟာ ဖြစ်သမျှတိုက်ပွဲတိုင်းမှာ မြင်နေရပြီး ဒီအချက်ကိုလည်းမဖြစ်မနေချီးကျူးဖို့လိုပါတယ်။ အနီးစပ်ဆုံးအနေနဲ့ စစ်သားတစ်ယောက်မှာရှိရမဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ တပ်ဖွဲ့တစ်ဖွဲ့မှာရှိရမဲ့ ကျင်းဝတ်၊ အမိန့်နာခံမှု၊ စစ်သားပီသမှုတွေကို ယခုနောက်ပိုင်း တပ်ဖွဲ့တွေအကုန်လုံးနီးပါးမှာတွေ့နေရပြီး လူအုပ်ကြီးက စစ်တပ်ကို လက်နက်ကိုင်ဝိုင်းတိုက်နေတဲ့ပုံမျိုးမဟုတ်တော့ဘဲ စစ်တပ်ကို စစ်တပ်က တိုက်နေတဲ့အနေအထားမျိုးထိရောက်နေပြီလို့ ဆိုချင်ပါတယ်။

တူမီးတွေ၊ မောင်းပြန်တွေကိုင်ပြီး အတွေ့အကြုံလေးမတောက်တခေါက်ရှိစဥ်တုန်းကတောင် စစ်တပ်ကိုဖွဲ့စည်းပုံပျက်အောက် တိုက်ခိုက်နိုင်တဲ့ ဒီလူငယ်တွေဟာ လက်နက်ကော၊အတွေ့အကြုံကောအတိုင်းအတာတစ်ခုထိပြည့်စုံနေတဲ့ယနေ့လိုအခြေအနေမျိုးမှာ စစ်တပ်ကို အရင်ကထက်ပိုမိုတိုက်ခိုက်နိုင်မယ်ဆိုတာလည်း ရာနှုန်းပြည့်နီးပါးသေချာပါတယ်။

နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ ပြည်သူ့ထောက်ခံမှုဆိုတဲ့အချက်ပါပဲ။မိုးကုတ်နဲ့ပတ်သတ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စထုတ်ပြန်လိုက်ပြီဆိုကတည်းက ပြည်တွင်းပြည်ပက ပြည်သူတွေအကုန်လုံးက တစ်ခဲနက်အားပေးကြသလို လိုအပ်တာတွေကို တက်နိုင်သမျှပံ့ပိုးကူညီကြတာကိုလည်း မြင်တွေ့ရပါတယ်။ဒါတင်မက ဒေသခံမိုးကုတ်ပြည်သူတွေကလည်း စစ်အတွင်း ခက်ခဲတဲ့ကြားထဲကမှ စစ်အာဏာရှင်အလိုမရှိကြောင်းသံပုံးတီး ဖော်ထုတ်တာတွေပြုလုပ်ခဲ့ပြီး မိုးကုတ်မှာရှိနေတဲ့အဖွဲ့တွေ မိုးကုတ်ကို လာကူတဲ့ အဖွဲ့တွေကို စိတ်ဓာတ်ခွန်အားတွေပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

ဆိုတော့ အနှစ်ချုပ်ရမယ်ဆိုရင် စစ်တပ်ဟာ ယခုနောက်ပိုင်းအတွင်း မြို့တွေကို ပြန်သိမ်းနိုင်တာတွေနဲ့နည်းပညာ၊စစ်လက်နက်လို အားသာချက်အချို့တွေ ရှိနေပါတယ်ဆိုလင့်ကစား ၎င်းတို့ရဲ့ အရည်အချင်းအစစ်အမှန်ထက် တရုတ်ရဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပေါ်
ဖိအားပေးမှုတွေကြောင့်သာ အနိုင်ရရှိတယ်လို့သာဆိုချင်ပါတယ်။ တစ်ဖက်ကနွေဦးတော်လှန်ရေးအင်အားစုတွေဘက်မှာတော့ တရုတ်ကိုတိုက်ရိုက်ရှောင်ရှားနေရလောက်အောင်ကြီးကြီးမားမားပတ်သတ်ဆက်နွယ်မှုရှိမနေဘဲ ဒီနှစ်အတွင်းတိုးတက်လာတဲ့ အားသာချက်တွေ၊တိုးတက်မှုတွေကို ကောင်းစွာအသုံးချပြီး မိုးကုတ်၊မိုးမိတ်နဲ့အခြားစိုးမိုးနယ်မြေများစွာကို အစွမ်းကုန်ကာကွယ်ဆောင်ရှောက်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Leave a Comment

Latest Post

Latest Post