Sunday, December 21, 2025
Home » ဗန်း‌မောက်မြို့ပြန်ရဖို့ စစ်ကောင်စီ အင်အားသုံးထိုးစစ်ဆင်နေပေမဲ့ အထိနာသေဆုံးမှုများနေ

ဗန်း‌မောက်မြို့ပြန်ရဖို့ စစ်ကောင်စီ အင်အားသုံးထိုးစစ်ဆင်နေပေမဲ့ အထိနာသေဆုံးမှုများနေ

0 7
7

🟥အထိနာ၍ ဆုတ်ခွာရချိန်တိုင်း ပြည်သူနေအိမ်တွေကို စစ်ကောင်စီ မီးပတ်ရှို့သွား

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမောက်မြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီဘက်က နေ့စဥ် လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်းတွေသာမက မြေပြင်စစ်ကြောင်းတွေကပါ တိုက်ခိုက်မှုတွေရှိနေပေမဲ့လည်း အထိနာကာပြန်လည်ဆုတ်ခွာနေရပြီး ထိခိုက်သေဆုံးမှုများနေတယ်လို့ သိရပါတယ်။

MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ် KIA တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဗန်းမောက်မြို့ကို စက်တင်ဘာလနောက်ဆုံးပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး သိမ်းပိုက်စဉ်မှာ ဗန်းမောက်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ SNA ပြည်သူ့စစ်တွေဟာ မြို့ကိုစွန့်ခွာ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ ဟုမ္မလင်းမြို့နယ်ဘက်မှတဆင့် တပ်မ(၃၃) ယူနီဖောင်းဝတ် ပြည်သူ့စစ်မှုထမ်းဆင်း သင်တန်းသားတွေအများဆုံးပါဝင်တဲ့ အင်အား ၅၀၀ ကျော်ကို ဗန်းမောက်မြို့ကို ပြန်တိုက်ဖို့အတွက်စေလွှတ်ခဲ့ပြီး မြို့အသိမ်းခံရစဥ် ထွက်ပြေးလာတဲ့ စစ်ကြောင်းတွေနဲ့ ပူးပေါင်းကာ နေ့စဥ်လာရောက်တိုက်ခိုက်တာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

လာရောက်တိုက်ခိုက်ရာမှာ မြေပြင်စစ်ကြောင်းတွေအပြင် Y-12 ၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကိုပါ အသုံးပြုတိုက်ခိုက်တာတွေ ပြုလုပ်ပေမဲ့ စစ်ကောင်စီတပ်တွေပဲ နေ့စဥ်အထိနာပြီး သေဆုံးထွက်ပြေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဗန်းမောက်အခြေအနေကတော့ ကောင်းတယ် ခင်ဗျာ၊ SNA ကတော့ နေ့တိုင်းထိုးစစ်ဆင်နေတာ၊ ကျွန်တော်တို့ဘက်ကခံစစ်ကို ကောင်းကောင်းလုပ်ထားတော့ နေ့တိုင်းသူတို့ပဲအထိနာပြီး ပြန်ပြန်ဆုတ်သွားနေတယ်၊ နေ့မထိုးရင်ညထိုးတယ်၊ တစ်ရက်မှမပြတ်ဘူး၊ ဒရုန်း၊ လက်နက်ကြီးနဲ့ပဲ မဟုတ်ဘဲ Y-12 တွေနဲ့ပါ တွဲသုံးနေပါတယ်” လို့ ဗန်းမောက် KPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့အတွင်းကို စစ်ကောင်စီရဲ့ တပ်မ(၃၃) ယူနီဖောင်းဝတ် စစ်သားတွေ အဓိကထားတိုက်ခိုက်နေတယ်ဆိုပေမဲ့လည်း အဆိုပါယူနီဖောင်းဝတ်အများစုဟာ SNA တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေသာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ကို လာရောက်တိုက်ခိုက်နေတဲ့အင်အားတွေထဲ ရှမ်းနီပြည်သူ့စစ်(SNA)အများစုဖြစ်သလို ခုခံတော်လှန်ရာမှာလည်း ဗန်းမောက် KPDF အတွင်းရှိ တော်လှန်ရေးထဲမှ ရှမ်းနီလူငယ်တွေ အများအပြားပါဝင်ခုခံနေတယ်လို့လည်း သိရပါတယ်။

“ဟုမ္မလင်းက စစ်ကူလိုက်လာတယ်ဆိုတဲ့ တပ်မ(၃၃)ထဲမှာ အဓိကကတော့ SNA နဲ့ပြည်သူ့စစ်တွေများတာပါ၊ (၃၃)ရဲ့ယူနီဖောင်းကိုဝတ်ကြတာပါ၊ နောက်တစ်ခုက ခုစစ်တပ်တွေနဲ့ပေါင်းနေတဲ့ SNA ကိုလည်း ရှမ်းနီလို့တောင်မခေါ်စေချင်ဘူး၊ ဘာလို့လဲဆို ခုဗန်းမောက်ကိုခုခံကာကွယ်နေတဲ့အထဲ ကျွန်တော်တို့လို ရှမ်းနီလူငယ်တွေအများကြီးပါတာပဲ” လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း အဆိုပါ SNA တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ဗန်းမောက်မြို့အနောက်ပိုင်းကို လေကြောင်းမှဗုံးအရင်ကြဲပြီးနောက် မြို့တွင်းဝင်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး ထိခိုက်သေဆုံးသူတွေကို ပြန်လည်ခေါ်ဆောင်ကာ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီလိုပြန်လည်ဆုတ်ခွာရာမှာ စစ်ကောင်စီဟာ သူတို့ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ပြုလုပ်ပြီးမှ ဆုတ်ခွာလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

“မနေ့က Y-12 နဲ့ကြဲပြီး တက်လုံးဖို့လုပ်သေးတယ်၊ တိုးတာကတော့နေ့တိုင်းတိုး၊ နေ့တိုင်းအထိနာတာပဲ၊ လာတိုးတိုင်း သူတို့လူတွေကိုထမ်းထုတ်ပြီးပြန်ပြန်သွားရတာတွေ မြင်နေရတယ်၊ လူမကုန်သေးဘူးနေမှာ၊ ပြန်ပြန်ဆုတ်ရင်လည်း ကောင်းကောင်းမဆုတ်ဘူး အကုန်ပတ် မီးရှို့သွားတာ၊ လမ်းတစ်လျှောက်ကို” လို့ သူက ဆက်ပြောပါတယ်။

ဗန်းမောက်မြို့ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ်ကြားရှိ မြို့ဖြစ်ပြီး အဆိုပါမြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်စဥ်က ရက်ပိုင်းအတွင်းရရှိခဲ့ပေမဲ့ စစ်တပ်အနေနဲ့ တစ်လကျော်ကြာမြင့်နေတဲ့အထိ သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်နေသော်လည်း ပြန်လည်တိုက်ယူနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post