မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီထိုးစစ်ဆင်လာတဲ့ ၂ လတာအတွင်း စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၃၃ ဦးသေဆုံးခဲ့တယ်လို့ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ကိုသက်ကြီးက နို၀င်ဘာလ ၈ ရက်မှာ BBM ကိုပြောပါတယ်။
ဩဂုတ်လပိုင်းမှစပြီး မြင်းခြံမြို့နယ်ရဲ့ အရှေ့ဘက်၊ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၃၃ ဦးသေဆုံးခဲ့တယ်လို့ ကိုသက်ကြီးက အတည်ပြုပြောကြားခဲ့တာပါ။
“၈ လပိုင်းကနေစပြီးတော့ ၁၀ လပိုင်းအထိ စုစုပေါင်း စခ ၃၃ ကောင်ကို ဇီးရိုးက စနိုက်ဘာတပ်စိတ်က ရှင်းလင်းနိုင်ခဲ့ပါတယ်”လို့ ကိုသက်ကြီးက BBM ကိုပြောပါတယ်။
ဇီးရိုးပြောက်ကြားတပ်ဖွဲ့ရဲ့ စနိုက်ဘာတပ်စိတ်ခေါင်းဆောင် ရဲဘော် မော်ကြီးက ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါစနိုက်ဘာတပ်စိတ်ကြောင့် စစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ဘဲ ဟန့်တားနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။
“ကလေးတွေကို စနစ်တကျသင်ပေးထားပါတယ်၊ စနိုက်ဘာ Team ရဲ့ ခေါင်းဆောင် မော်ကြီးဆိုတာ သိပ်ကောင်းတာ၊ သူစိတ်ပါရင် တစ်ကောင်ပြီးတစ်ကောင်ပဲ၊ Headshot တွေလည်းပါသလို အစုံပဲ၊ တခါတလေ ရွေ့လျားကျတော့လည်း နေရာစုံထိတာပေါ့”လို့ တပ်ရင်းမှူး ကိုသက်ကြီးက ဆက်ပြောပါတယ်။
အဆိုပါ စနိုက်ဘာတပ်စိတ်ကြောင့် စစ်ကောင်စီစစ်ကြောင်းတွေ ရှေ့ကိုဆက်မတိုးရဲဘဲ လေးငါးရက်ကြာအောင် ထိန်းထားနိုင်တဲ့အနေအထားရှိတယ်လို့လည်း သိရပါတယ်။
“ကခဲ့တဲ့ပွဲတွေကတော့ ဆက်တိုက်လိုပါပဲ၊ တောက်လျှောက်ဖြစ်နေတာပါ၊ မနားတမ်းကနေရတာပါဗျ၊ ဒီစနိုက်ဘာကြောင့် စခ စစ်ကြောင်းတွေ လေးငါးရက်ကို မတိုးရဲဘဲ တန့်နေတာမျိုးတွေရှိတယ်၊ ကျွန်တော်တို့ ကလေးတွေက အကွာအဝေးတစ်ခုအထိကို ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်တယ်”လို့ ကိုသက်ကြီးက ဆက်ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အင်အားဘယ်လောက်ပဲသုံးသုံး၊ လက်နက်ဘယ်လောက်ပဲ ကောင်းကောင်း ဆက်လက်ခုခံတော်လှန်နေမှာ ဖြစ်ကြောင်း ကိုသက်ကြီးက အသိပေးပြောကြားပါတယ်။
“ကျွန်တော်တို့ကတော့ သူတို့(စခ)တွေ ဘယ်လိုပဲ အင်အားသုံးသုံး၊ ထုထည်ပဲပါပါ၊ လက်နက်ပဲဘယ်လောက်ကောင်းကောင်း ကျွန်တော်တို့ ဇီးရိုးတွေ၊ ညီနောင်တွေအနေနဲ့ တွန်းလှန်နေပါတယ်ဗျ”လို့ ကိုသက်ကြီးက ဆက်လက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်၊ နေ့လယ်ပိုင်းမှာလည်း မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ စစ်ကောင်စီ စုပေါင်းဂိတ်ကို လက်နက်ငယ်တွေအပြင် ရဲဘော် ပေါ့ဘာက ရဲရင့်စွာ လမ်းပေါ်အထိတက်ပြီး ဘန်ကာထဲသို့ RPG နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။