Sunday, December 21, 2025
Home » နိုင်ငံအနှံ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၇၀ ဦးသေဆုံး

နိုင်ငံအနှံ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၇၀ ဦးသေဆုံး

0 8
8

မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာ အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့ပြီး ၈၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်းရှိ တိုင်း ၆ ခုနဲ့ ပြည်နယ် ၅ ခုမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အောက်တိုဘာလ တစ်လအတွင်း သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးတွေမှာ ရှမ်းပြည်နယ် (၂၃) ဦး၊ မန္တလေးတိုင်းမှာ (၁၃) ဦး၊ စစ်ကိုင်းတိုင်း (၁ဝ)ဦး၊ ချင်းပြည်နယ် (၃) ဦး၊ မကွေးတိုင်း (၃) ဦး၊ ပဲခူးတိုင်း (၅) ဦး၊ ကရင်ပြည်နယ် (၃) ဦး၊ မွန်ပြည်နယ် (၃) ဦး၊ ရခိုင်ပြည်နယ် (၂) ဦး၊ ဧရာဝတီတိုင်း (၄) ဦးနဲ့ တနင်္သာရီတိုင်း (၁) ဦးတို့ဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီဟာ အောက်တိုဘာလအတွင်းမှာ အကြိမ် ၃၀ နဲ့အထက် လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးသေဆုံးမှု များပြားခဲ့ရတာဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဆိုထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ ထူးခြားဖြစ်စဥ်အနေနဲ့ အောက်တိုဘာလ ၆ ရက်နေ့၊ ညနေ ၈ နာရီခန့်မှာ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်၊ ချောင်းဦးမြို့နယ်မြောက်ခြမ်းတစ်နေရာမှာ မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော် ဆီမီးထွန်းသပိတ် ပြုလုပ်နေသူတွေကို စစ်ကောင်စီတပ်က ပါရာမော်တာစက်တပ်လေထီးကို အသုံးပြုပြီး ၁၂၀ မမ လက်နက်ကြီးဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ (၂၂) ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၅၅) ဦးအထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၇၀ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၆) ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် (၈) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၅) ဦး၊ မြေမြှုပ်မိုင်းနင်းမိတာကြောင့် (၁) ဦးတို့ဖြစ်ကြပြီး သေဆုံးသူတွေထဲမှ ၁၄ ဦးဟာ အသက် ၁၈ နှစ် အောက်တွေဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ (၈၀) ဦးကတော့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် (၆၇) ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် (၅) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၁) ဦး၊ မြေမြှုပ်မိုင်းနင်းမိတာကြောင့် (၃) ဦးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် (၄) ဦး တို့ဖြစ်ကြပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း (၅) နှစ်တာနီးပါးကာလအတွင်းမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် အမျိုးမျိုးသောရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပြောဆိုထားပါတယ်။

Leave a Comment

Latest Post

Latest Post