ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း၊ ပုသိမ် – မုံရွာလမ်းပိုင်းရှိ စက်စက်ယိုကျေးရွာအနီးတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ၊ ပူးပေါင်းမဟာမိတ်တပ် PDF တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ပုသိမ် – မုံရွာလမ်းပိုင်းကို သိမ်းပိုက်နိုင်ဖို့အတွက် စက်စက်ယိုကျေးရွာအနီးကို ထိုးစစ်ဆင်တိုက်ခိုက်လာနေပြီး စစ်ကောင်စီတပ်ကလည်း အင်အားအလုံးအရင်းနဲ့ ခုခံကာကွယ်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု များပြားနေတာကြောင့် ဟင်္သာတ၊ ကွင်းကောက်စတဲ့ မြို့နယ်တွေမှ စစ်ကားကြီးတွေနဲ့ လေးမျက်နှာမြို့နယ်အတွင်းကို စစ်အင်အားတွေ ဖြည့်တင်းနေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ပုသိမ် – မုံရွာလမ်းပိုင်းမှ ပန်းတောကြီး၊ မြို့ကုန်း၊ ကျောက်စရစ်ကုန်းနဲ့ သဲနုကုန်း စတဲ့ကျေးရွာတွေကို ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကလည်း အဲဒီကျေးရွာကို ပြန်လည်ရရှိဖို့အတွက် စက်စက်ယိုကျေးရွာနဲ့ အင်္ဂပူမြို့နယ်အတွင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
“လေးမျက်နှာမြို့နယ်မှာတော့ တိုက်ပွဲတွေဖြစ်နေကြတာရှိပါတယ်၊ အဓိကတော့ စက်စက်ယို ကျေးရွာအနီးမှာ ဖြစ်နေကြတာပါ၊ AA နဲ့ ပူးပေါင်းတပ်တွေက သူတို့ ထိန်းချုပ်ထားတဲ့ ပန်းတောကြီးရွာဖက်ကနေ စက်စက်ယိုကျေးရွာဖက်ကို ထိုးစစ်ဆင်လာတာရှိပါတယ်၊ စစ်ကောင်စီတပ်ကလည်း အင်အားတွေဖြည့်တင်းပြီးတော့ ရေနံ့သာဂိတ်ကနေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေမှာ ပိုပြင်းထန်နေကြတာပါ ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက BBM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုကျေးရွာအနီးဝန်းကျင်နဲ့ တောတောင်တွေမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူတွေ အဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့ကလည်း စက်စက်ယိုကျေးရွာအနီးမှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့တဲ့အတွက် ဂျက်ဖိုက်တာ၊ Y-12 လေယာဥ်တွေနဲ့ တစ်ရက်လုံး ဗုံးကြဲချတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ တိုက်ပွဲတွေပြင်းထန်နေတဲ့ စက်စက်ယိုကျေးရွာနဲ့ ၄ မိုင်ကျော်အကွာအဝေးမှာ ရေနံ့သာစစ်ဆေးရေးဂိတ်ရှိနေတာဖြစ်သလို စစ်ကောင်စီတပ်ဟာ အဆိုပါ စစ်ဆေးရေးဂိတ်ကို စစ်အင်အားတွေ အဆက်မပြတ်ပို့ဆောင်နေတာဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကိုခုခံဖို့အတွက် ဘန်ကာတွေ အခိုင်အမာဆောက်လုပ်နေကြတယ်လို့လည်း AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလပထမအပတ်မှာလည်း စစ်ကောင်စီဟာ ဟင်္သာတမြို့နယ်ကနေ စစ်ကားကြီး ၁၀ စီးကျော်နဲ့ လေးမျက်နှာမြို့နယ်ရှိကျေးရွာတွေ၊ ငသိုင်းချောင်းမြို့နယ်အတွင်းမှ ရေနံ့သာစစ်ဆေးရေးဂိတ်နဲ့ မြောက်စမ်းအမြောက်တပ် (အမတ ၃၄၄) တို့ကို အင်အားဖြည့်တင်းမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
“ဟင်္သာတမြို့နယ်ကနေ စစ်အင်အားတွေ လေးမျက်နှာမြို့နယ်ကို ဆက်တိုက်ပို့ဆောင်နေတာပါ၊ ငသိုင်းချောင်းဖက်ကိုလည်း ပို့ဆောင်တာရှိပါတယ်၊ ပြီးခဲ့တဲ့တစ်ရက်လောက်ကဆိုရင် အမြောက်တပ်နဲ့ ရေနံ့သာဂိတ်ဖက်ကို စစ်ကား ၁၀ ကျော်လောက်တက်သွားတယ်လို့ သိရပါတယ်၊ စစ်ကောင်စီတပ်က အင်အားတွေဖြည့်မလောက် ဖြစ်နေကြတာပါ” လို့ AAနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ စက်စက်ယိုကျေးရွာအနီးကို မြောက်စမ်းကျေးရွာမှာရှိတဲ့ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ တစ်ရက်လုံး ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
အဆိုပါ အမြောက်တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဂွေးတောက်ကုန်း၊ ကွမ်းခြံကုန်း၊ ညောင်ပင်ကြီး၊ သပြုပင်၊ သပြေကွင်း၊ ရှမ်းစု၊ ကြပ်ကုန်း၊ ရုပ်သေးတန် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံတွေဟာ အခြားနေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရပြီး လူမရှိတဲ့နေအိမ်တွေ၊ စျေးဆိုင်ခန်းတွေကိုလည်း စစ်ကောင်စီတပ်က ဖောက်ထွင်းမှုတွေရှိနေတယ်လို့ ငသိုင်းချောင်းဒေသခံတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ရခိုင်ရိုးမတစ်လျှောက် ဧရာဝတီတိုင်းမှ ရေကြည်၊ သာပေါင်း ၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူနဲ့ မြန်အောင်မြို့နယ်တွေအထိ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။