Sunday, December 21, 2025
Home » နတ်ရေကန်စခန်းအနီး AA ပူးပေါင်းတပ်သိမ်းထားတဲ့ စခန်းအချို့ကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေ

နတ်ရေကန်စခန်းအနီး AA ပူးပေါင်းတပ်သိမ်းထားတဲ့ စခန်းအချို့ကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေ

0 6
6

မကွေးတိုင်း၊ အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း ဗျူဟာကုန်းအနီးမှ AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ ကာကင်းစခန်းတွေကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းရှိ စခန်းတွေအကုန်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ကျန်စခန်းဖြစ်တဲ့ ခမောက်တောင်စခန်းတစ်ခုကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းရှိ ခမောက်တောင်စခန်းကို သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း AA နဲ့ ပူးပေါင်းတပ်တွေသိမ်းထားတဲ့ စခန်းနေရာတွေကို လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ နေ့စဥ်နဲ့အမျှ ပြုလုပ်နေတယ်လို့ AA နဲ့ နီးစပ်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“နတ်ရေကန်ဗျူဟာကုန်းကတော့ အမ်း – ပဒါန်းလမ်းပိုင်းအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပါတယ်၊ ဒါကို စစ်တပ်ဘက်ကလည်း ကောင်းကောင်းကြီး သိပါတယ်၊ အဲဒီစခန်းသာ တော်လှန်ရေးတပ်တွေက ရသွားရင် ပဒါန်းတပ်နယ်အတွင်းက စခန်းတွေ၊ ကပစ စက်ရုံတွေကို ခြိမ်းခြောက်လာနိုင်တော့မှာပါ၊ ဒါကြောင့် စစ်တပ်က ဗျူဟာကုန်းမကျရောက်ရေးအတွက် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေကို အသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေတာပါ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမ်း – ပဒါန်းလမ်းပိုင်းက နတ်ရေကန်ဗျူဟာကုန်းနဲ့ ၆ မိုင်အကွာမှ ပျင်းဝစစ်ဆေးရေး ဂိတ်မှာလည်း ကာကင်းစခန်းတွေ၊ လက်နက်ကြီးစခန်းတွေကို တိုးချဲ့ဆောက်လုပ်ထားပြီး အဲဒီလက်နက်ကြီး စခန်းတွေကလည်း လက်နက်ကြီးတွေ ဗျူဟာကုန်းအနီးကို အဆက်မပြတ် ပစ်ခတ်နေတာရှိတယ်လို့လည်း သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းမှာ ကျန်ရှိနေသေးတဲ့ ခမောက်တောင်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ဝန်းကျင်သာရှိတော့တာဖြစ်ပြီး ဗျူဟာကုန်းကို စစ်ကူအင်အားလာပို့နိုင်တဲ့ မြေပြင်ကုန်းလမ်းကြောင်းတွေ အကုန်လုံးနီးပါးကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ စစ်ကူအင်အား၊ စစ်လက်နက်ခဲယမ်းပစ္စည်းတွေကို ပို့ဆောင်လို့မရတာကြောင့် လေကြောင်းကနေ ပို့ဆောင်ပေးမှုတွေရှိနေပြီး တချို့စားနပ်ရိက္ခာပစ္စည်းတွေကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက ရရှိနေတယ်လို့ သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ အခုနှစ်မကုန်ခင် တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ကျရောက်နိုင်တာကြောင့် ပဒါန်းတပ်နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်က စစ်အင်အားတွေဖြည့်တင်းနေကာ ဆုံကုန်း၊ ပျင်းဝ စစ်ဆေးရေးဂိတ်တွေကို ပို့ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

“ပဒါန်းတပ်နယ်အတွင်းကို စစ်အင်အားတွေ ရောက်တာရှိပါတယ်၊ အဲဒီစစ်အင်အားတွေကို ဆုံကုန်းတို့ ပျင်းဝ စစ်ဆေးရေးဂိတ်တွေကို ပို့ပေးနေတာရှိပါတယ်၊ အဓိကတော့ ကပစ ၁၄ စက်ရုံ ခုခံမဲ့သဘောအတွက် ကာကွယ်နေတာဖြစ်ပါတယ်” လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်မှ မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် အခုနှစ် ၂၀၂၅၊ နှစ်ဆန်းပိုင်းမှစတင်ပြီး မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၀ လကျော်ကြာတိုက်ခိုက်မှုအတွင်းမှာ ရခိုင်ရိုးမအစပ်မှ စစ်ကောင်စီတပ်စခန်း ၅ ခုနဲ့ ကျေးရွာ ၃ ရွာကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ISP Myanmar ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစ စက်ရုံ ၁၅ ရုံ ရှိနေတာဖြစ်ပြီး အထက်မင်းလှမြို့နယ်မှာ ကပစ ၂ ၊ ၁၀ နဲ့ ၁၃၊ ဆင်ပေါင်ဝဲ မြို့နယ်မှာ ကပစ ၈၊ သရက်မြို့နယ်မှာ ကပစ ၁၂၊ ပွင့်ဖြူမြို့နယ်မှာ ကပစ ၁၄၊ အောင်လံမြို့နယ်မှာ ကပစ ၁၅ နဲ့ ၁၇၊ တောင်တွင်းကြီးမြို့နယ်မှာ ကပစ ၁၈၊ စေတုတ္တရာမြို့နယ်မှာ ကပစ ၂၀၊ ဆိတ်ဖြူမြို့နယ်မှာ ကပစ ၂၁ နဲ့ ၂၂၊ ကျောမြို့နယ်မှာ ကပစ ၂၃၊ ပေါက်မြို့နယ်မှာ ကပစ ၂၄၊ လောင်းရှည်မြို့နယ်မှာ ကပစ ၂၅ စက်ရုံတို့ ရှိနေကြတာလည်း ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post