စစ်ကောင်စီစစ်ကြောင်းက ကျဆုံးရဲဘော် ၂ ဦးရဲ့ ဂူဗိမာန်ကိုပါ ဖျက်ဆီးသွား
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အခြေစိုက်တဲ့ Burma Revolution Rangers အဖွဲ့ရဲ့တပ်စခန်းကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်စီးနင်းမှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စခန်းကိုလည်းမီးရှို့ဖျက်ဆီးသွားတဲ့အပြင် ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးရဲ့ ဂူဗိမာန်တွေကိုပါ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၈ ရက်မှာ ပခုက္ကူအခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ မှထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ Burma Revolution Rangers အဖွဲ့တွေ နေရာယူထားတဲ့ စခန်းအနီးကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ Burma Revolution Rangers အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမိုက BBM ကို ပြောပါတယ်။
“မနေ့က ၈ ရက်နေ့၊ မနက်ပိုင်းလောက်က ပခုက္ကူအခြေစိုက် ၁၀၁ တပ်ရင်းကနေ ထွက်လာတဲ့စစ်ကြောင်းက ၇ ရက်နေ့လောက်မှာ ထွက်လာပါတယ်၊ အဲဒီလိုထွက်လာတော့ ဘုန်းကန်ပျူရွာနဲ့ ကျောက်ဆက်ကန်ဆိုတဲ့ ရွာတွေကိုဝင်ပါတယ်၊ အဲဒီမှာ ညအိပ်ပြီးတော့ ကျနော်တို့ စခန်းရှိတဲ့နေရာဘက်ကို ဦးတည်ပြီးထွက်လာတာ ဖြစ်ပါတယ်၊ ထွက်လာတဲ့အခါ သတင်းတွေအရ ကျနော်တို့က လူအင်အား၊ လက်နက်အင်အားတွေနဲ့ ကာကွယ်တာပေါ့၊ စစ်ကောင်စီဘက်ကလည်း အင်အားတွေများပါတယ်၊ သူတို့ကတော့ လက်နက်ကြီး၊ RPG ၊ ၆၀ မမ၊ ၄၀ မမ တွေနဲ့ ပစ်ခတ်တာရှိပါတယ်၊ အင်အားကလည်း မမျှတော့ စစ်ကူလာတဲ့ ရဲဘော်တစ်ယောက်လည်း လက်နက်ကြီးကျည် ထိသွားပါတယ်” လို့ Burma Revolution Rangers အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမိုက ပြောပါတယ်။
စစ်ကောင်စီက အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် Burma Revolution Rangers အဖွဲ့ရဲ့ စခန်းတစ်ခုလုံး မီးလောင်ပျက်ဆီးသွားသလို ကား ၂ စီး၊ ဆိုင်ကယ်နဲ့ လက်နက်ခဲယမ်းရိက္ခာတွေလည်း ဆုံးရှုံးသွားခဲ့ရပြီး စစ်ဘေးရှောင်နေအိမ် ၁၀ လုံးကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
“အဖွဲ့မှာက အကုန်လုံးပေါင်းမှ ရဲဘော် ၂၀ ကျော် ၃၀ လောက်ပဲရှိပါတယ်၊ အင်အားကလည်း အဖွဲ့မှာက အရမ်းကိုနည်းပါတယ်၊ အင်အားမမျှတော့ အကုန်လုံးပြန်ဆုတ်ရတာပေါ့၊ အဲဒီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းအနီးကို ဝင်ရောက်လာတာပါ၊ ဝင်ရောက်လာတော့ စခန်းမှာကျန်ရှိခဲ့တဲ့ ပစ္စည်းတွေ၊ အဆောက်အအုံတွေ၊ ဘန်ကာတွေအကုန်လုံးကို ဖျက်ဆီးခဲ့တာရှိပါတယ်၊ ပြီးတော့ ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန် ၂ ခုကိုလည်း ဖျက်ဆီးသွားတာရှိပါတယ်” လို့ ကိုဒီမိုက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ဆက်ကန်ကျေးရွာအနီးမှာ တပ်စွဲနေရာယူထားပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာမရှိသေးဘူးလို့လည်း သိရပါတယ်။
ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – Burma Revolution Rangers (BRR)တပ်ဟာ ပခုက္ကူ၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာဖြစ်ပြီး အခုနှစ် ဧပြီလမှာ ပခုက္ကူ PDF နဲ့ ပူးပေါင်းပြီး စစ်တပ်ရဲ့ ပါရာမော်တာတစ်စီးကို ပထမဆုံးဖျက်ဆီးနိုင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
Photo-BRR