မြို့ပေါ် စာသင်ကျောင်းမှာ စစ်ကောင်စီက အင်အားအသင့်ပြင်နေပြီး လက်နက်ကြီးများ ဖြန့်ခွဲတပ်ဆင်နေ
မိုးကုတ်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေက မိုးကုတ်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းအထိပါ ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယအပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအကုန်မှစပြီး စစ်ကောင်စီက ပြန်လည်ဝင်ရောက်လာခဲ့တာကြောင့် မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲတွေ တဖန်ပြန်လည်ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်တိုက်ပွဲတွေဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ အားကောင်းရာ မိုးကုတ်မြို့နယ် အနောက်ပိုင်းမှာသာမက တွင်းငယ်၊ မိုးမိတ်ကိုလည်း သွားနိုင်တဲ့ မိုးကုတ်မြို့အရှေ့ပိုင်း ဆက်အင်းပြန့်ရွာတစ်ဝိုက်မှာလည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၃ ရက်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်းအတွင်း တနေကုန်နီးပါး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီဗျူဟာကုန်းကိုပါ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
“မနေ့က နေ့ခင်းလောက်ကတည်းက တနေကုန်တိုက်ပွဲတွေဖြစ်နေတာ၊ လက်နက်ကြီး၊လက်နက်ငယ်အသံတွေကတော့ ခပ်အုပ်အုပ်ကြားရတယ်၊ ပြီးတော့ အရှေ့ပိုင်းကဗျူဟာကုန်းကိုလည်း ဒရုန်း(၂)လုံးလာချလို့ ပေါက်ကွဲသံကြားရတယ်ဗျ၊ အဲတာတော့ အတော်ကျယ်ကျယ်ပဲ”လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေ ဒရုန်းဗုံးသီးလာချခဲ့တဲ့ အဆိုပါဗျူဟာကုန်းဟာ မြို့အနီးအနားမှာတင်ရှိနေတာကြောင့် တိုက်ပွဲတွေဟာ မြို့နဲ့တဖြည်းဖြည်းနီးကပ်လာနေဟန်ရှိတယ်လို့လည်း မြို့ခံတွေထံမှ သိရပါတယ်။
ဒါ့အပြင် နေ့စဥ်ဖြစ်ပွားနေတဲ့ မိုးကုတ်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေများပြားတာကြောင့် မိုးကုတ်အနောက်ပိုင်းရှိ နာရေးကူညီမှုအသင်းမှ ဝန်ထမ်းတွေကိုပါ အကူအညီတောင်းပြီး သင်္ဂြိုဟ်နေရတာတွေရှိတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ပေါ်ရှိ အထက(၁)ကျောင်းထဲမှာလည်း စစ်ကား(၅)စီးအပြည့် အသင့်အနေအထားနဲ့ စစ်ကောင်စီဘက်က ပြင်ဆင်ထားသလို လက်နက်ကြီးတွေကိုလည်း ရှမ်းကျောင်းနဲ့ မစိုးရိမ်ဘုန်းကြီးကျောင်းတို့မှာ ဖြန့်ခွဲ့တပ်ဆင်ထားတယ်လို့ သိရပါတယ်။
“ကျောင်းကြီး(ထ၁)က မိုးကုတ်မှာအကြီးဆုံးပဲဗျ၊ အဲ့မှာ သံပြားကာကား(၅)စီးစာ အင်အားအသင့်ရှိတယ်၊ ပြီးတော့ လက်နက်ကြီးတွေကိုလည်း ရှမ်းကျောင်းကော၊ မစိုးရိမ်မှာပါ ခွဲပြီးဆင်ထားတယ်လို့သိရတယ်ဗျ၊ ခုတိုက်ပွဲတွေက မြို့နားထိနီးနေပြန်တော့ သူတို့ပြန်ဆင်နေတာနေမယ်”လို့ သူက ဆက်ပြောပါတယ်။
မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့နဲ့ပတ်သက်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း PDFတွေ၊ ပကဖ တွေကို အမိန့်ပေးစီးဆင်းမှုတစ်ခုတည်းအောက်မှာထားကာ ကွပ်ကဲနေပြီးစစ်ကောင်စီတွေကို တိုက်ထုတ်မယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာထားပါတယ်။