ဒီဇင်ဘာလ ၂၈ရက်နေ့နဲ့ ၂၀၂၆ခုနှစ် ၁လပိုင်းမှာပြုလုပ် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို ဒီမိုကရေစီနည်းကျမဟုတ်ဘူးလို့ ဝေဖန်နေတဲ့ နိုင်ငံတကာဖိအားတွေကို စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၄ရက်နေ့မှာ ပြန်တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဆိုပါ ရွေးကောက်ပွဲတွေအပြီးမှာ အစိုးရသစ်ရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့ပြီး အရပ်သားအစိုးရကို ဖြုတ်ချတာ၊ ခေါင်းဆောင်တွေကို ထောင်ချတာတွေနဲ့ နိုင်ငံတစ်ဝှမ်း လောင်ကျွမ်းနေတဲ့ ပြည်တွင်းစစ်ကို စတင်ခဲ့တဲ့ တရားခံပဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ အပိုင်းခွဲကျင်းပမယ့် ရွေးကောက်ပွဲအတုတွေကို ကြီးကြပ်နေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့နဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ပေးမယ်လို့ ပြောဆိုထားပါသေးတယ်။
ဒါပေမဲ့လည်း နိုင်ငံတကာ ဒီမိုကရေစီ စောင့်ကြည့်သူတွေ အဆိုပါရွေးကောက်ပွဲတွေဟာ ဘာမှမထူးတဲ့ အယောင်ပြသက်သက်သာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ၊ ဗြိတိန်နဲ့ ထိုင်းနိုင်ငံတို့ကမူ အဆိုပါ ရွေးကောက်ပွဲတွေကို လွတ်လပ်မှုလည်းမရှိ တရားမျှတမှုလည်း မရှိကြောင်း ပြောကြားခဲ့ကြပါတယ်။
“ရွေးကောက်ပွဲကို မြန်မာနိုင်ငံအတွက်သာ ကျင်းပနေတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ကျင်းပတာ မဟုတ်ပါဘူး”လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “ဝေဖန်ချင်သူတွေအနေနဲ့လည်း ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့စစ်တပ်က ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ရောက်ရှိဖို့ ရည်ရွယ်ချက်နဲ့ ဆက်လက်လုပ်ဆောင်သွားပါမယ်”လို့ ပြောကြားခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးကတည်းက စစ်အုပ်ချုပ်ရေးစနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ အခုနှစ်နွေရာသီမှာ အရေးပေါ်အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ သမ္မတဆီကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
အဆိုပါ ယာယီသမ္မတကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
“စစ်အစိုးရက သူ့ကို တာဝန်တစ်ခုပေးအပ်ရင် သူ့ရဲ့အတွေ့အကြုံတွေကို နိုင်ငံအတွက် အမြဲအသုံးချမယ်လို့ အရင်က သူပြောခဲ့တဲ့ ကြေညာချက်တွေ ရှိပါတယ်” လို့ ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရွေးကောက်ပွဲမကျင်းပနိုင်အောင် ကြိုးစားနေပြီး စစ်ကောင်စီဘက်က ရွေးကောက်ပွဲနီးလာလေလေ အကြမ်းဖက်မှုတွေပိုမိုလုပ်ဆောင်လာလေလေပဲဖြစ်ပါတယ်။
ဒါအပြင် ရွေးကောက်ပွဲကိုနှောင့်ယှက်ရင် ထောင်ဒဏ် ၁၀နှစ်ကနေ တစ်သက်တစ်ကျွန်းချမှတ်နိုင်တဲ့ မတရား ဥပဒေသစ်တစ်ရပ်ကိုလည်း ချမှတ်ခဲ့ပါသေးတယ်။
၂၀၂၀ ခုနှစ်က နောက်ဆုံးရွေးကောက်ပွဲတုန်းက အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို ဖျက်သိမ်းခဲ့ပြီး ပါတီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်စုကြည်ကို စစ်ကောင်စီက မတရားအကျဉ်းချထားတာ ၅နှစ်ထဲကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။
Reference-The Straits Times
Photo-The Straits Times