တော်လှန်ရေးတပ်ဖွဲ့ပေါင်း (၁၉) ဖွဲ့စုပေါင်းပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance – SRA ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အောင်မြင်စွာ ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
အဆိုပါ တပ်ပေါင်းစု ပေါ်ပေါက်လာစေရေးအတွက် ၂၀၂၅ ခုနှစ် မေလကတည်းက တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့နဲ့ စတင်ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ပထမပတ်အရောက်မှာ တပ်ဖွဲ့ပေါင်း (၁၄) ဖွဲ့နဲ့ ကနဦးတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ဆွေးနွေးပွဲတွေမှတဆင့် ရရှိလာတဲ့ ဘုံသဘောတူညီချက်တွေအပေါ် အခြေခံပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ (၃) ရက်ကြာ တပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံကို ကျင်းပခဲ့ကြသလို အဆိုပါ ညီလာခံမှတဆင့် အဖွဲ့ဝင် (၁၉) ဖွဲ့ ပါဝင်တဲ့ SRA ကို အပြီးသတ် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တပ်ပေါင်းစု အဖွဲ့ဝင်တွေအနေနဲ့ ဘုံရန်သူချေမှုန်းရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လူထုကယ်တင်ရေးမှာလည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းမှ ပြည်သူလူထု လွတ်မြောက်ရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကွပ်ကဲမှုအားကောင်းရေးအတွက် တော်လှန်ရေးရဲ့ လွှမ်းခြုံကွပ်ကဲမှုနဲ့ ချိတ်ဆက်မှု အားနည်းချက်တွေကို ပြင်ဆင်ပြီး ရှင်းလင်းထိရောက်တဲ့ ကွပ်ကဲမှုယန္တရား (Chain of Command) တစ်ရပ် ပေါ်ပေါက်လာစေဖို့နဲ့ နိုင်ငံရေး၊ စစ်ရေးဦးတည်ချက်တွေကို စုစည်းညီညွတ်မှုအင်အားနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
တပ်ပေါင်းစုညီလာခံအတွင်း တက်ရောက်လာကြတဲ့ တပ်ဖွဲ့တွေအနေနဲ့ တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေကို ဆွေးနွေးအတည်ပြုတာ၊ ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေ ချမှတ်တာနဲ့ တော်လှန်ရေး ကတိကဝတ်ပြု လက်မှတ်ရေးထိုးတာတွေကို ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
SRA အနေနဲ့ တပ်ပေါင်းစုအတွင်း မပါဝင်နိုင်သေးတဲ့ အခြားသော နွေဦးတော်လှန်ရေး အင်အားစုတွေကိုလည်း ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ဆက်လက်ဖိတ်ခေါ်သွားမှာဖြစ်ပြီး တပ်ပေါင်းစုအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာစေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကတိပြုကြေညာထားပါတယ်။