တစ်မြို့လုံးကို လုံခြုံရေးတိုးမြှင့်ချထားပြီး ပုံစံမျိုးစုံနဲ့ အသွင်ယူ ထောက်လှမ်းနေ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အနောက်ခြမ်းမှာ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းတို့ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ၂၉ လမ်းရှိ ကုန်းစိမ်းတန်းကို စစ်ကောင်စီက ၂၈ လမ်းသို့ ပြောင်းခိုင်းထားပြီး နေ့စဉ် ကင်းပတ်နေတယ်လို့ မြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။
မန္တလေးမြို့ ၂၉ လမ်းရှိ ကုန်းစိမ်းတန်းကို စစ်ကောင်စီက စျေးချိုမန်းမြန်မာပလာဇာရှိရာ ၂၈ လမ်းသို့ ပြောင်းခိုင်းထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ အမှတ် ၆ ရဲစခန်းကနေ ရဲ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီးနဲ့ မနက်တိုင်း ကင်းပတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ ဒေါက်တာ တေဇာစန်းတို့ ဆန္ဒပြပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်၊ အသံတိတ်သပိတ်(Silent Strike)နေ့မှာ ၂၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၆ လမ်းကြားမှ ဆိုင်တွေကို ဖိအားပေးဖွင့်ခိုင်းခဲ့သော်လည်း ဈေးသည်တွေက မဖွင့်ခဲ့တာကြောင့် ၂၈ လမ်းဘက် ရောက်လာခဲ့တာလို့ ဆိုပါတယ်။
“ဒီ ကုန်စိမ်းဈေးက မနက် ၄ နာရီလောက်ကစ လူစည်တယ်၊ ၇ ခွဲ ၈ နာရီလောက်ထိဖွင့်လို့ရတယ်ကြားတယ်၊ ဈေးကောက်ကြေးက ၁၅၀၀ ပေးရတယ်၊ ဈေးသည်လေးတွေကလည်း မိုးကာ တစ်ခင်းစာ ၃ ပေ ၄ ပေလောက်ပဲ ဖွင့်ခွင့်ရတယ်”လို့ ဈေး၀ယ်တစ်ဦးက ပြောပါတယ်။
Silent Strike (အသံပိတ်သပိတ်) လုပ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ဟာ မန္တလေးမြို့ထဲကို ၅ ကြိမ်လောက်အထိ အနိမ့်ပျံသန်းခဲ့သေးတယ်လို့ သိရပါတယ်။
“ဒီ ဈေးချိုဆိုတာက ပျံကျဈေးသည်လေးတွေ၊ ပန်းသည်လေးတွေ၊ အရင်ကဆို စစ်ကိုင်းဘက်၊ မင်းကွန်းဘက်ကလာတဲ့ နို့ထမင်းသည်လေးတွေ၊ ခိုတောင်မုန့်တီသည်လေးတွေ အားထားရတဲ့နေရာပဲ၊ အခုလို ဒီကောင်တွေ(စကစ)လုပ်တော့ ဈေး၀ယ်တွေလည်း အရင်လောက်မစည်တော့ဘူး၊ ကျွန်တော်တို့လည်း ဈေးဘက်ကို မသွားရဲဘူး၊ ဘာမဆို လုပ်တတ်တဲ့ကောင်တွေဆိုတော့ ရှောင်နေတာအကောင်းဆုံးပဲ”လို့ အဆိုပါ မြို့ခံက ဆက်ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စည်ပင်၀န်ထမ်းတွေဟာလည်း အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေ၊ အသက်ကြီးသူတွေပါမရှောင် ဆဲဆိုတာတွေလုပ်လာပြီး Uniform ၀တ် လူမိုက်သာသာတွေသာ ဖြစ်ကြောင်း မြို့ခံတွေ ပြောဆိုချက်အရ သိရပါတယ်။
“ဒီ မန်ယူ(စည်ပင်၀န်ထမ်း)တွေဆိုတာလည်း အရင်ကထက် ပိုဆိုးလာတယ်၊ အသက် ၇၅ နှစ်အရွယ် အဘွားအိုရဲ့ ဈေးဗန်းတွေ ပစ်ကန်တဲ့ကိစ္စတွေတောင်ရှိတယ်၊ လူကြည့်တော့ ခွေးပစ်တဲ့တုတ်လောက်လေးတွေ၊ ပစတွေ၊ ပျူတွေလည်း ပါတယ်၊ တုတ်၊ ဓားလေး ကိုင်ရတာတောင် ဒီလောက်မိုင်ရိုင်းစော်ကားနေတာ” လို့ ဆက်လက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ မန္တလေးမြို့ တစ်မြို့လုံးကို လုံခြုံရေးတိုးမြှင့်ချထားပြီး လမ်းထောင့်တွေမှာ သူတောင်းစာလိုလို၊ အမှိုက်ကောက်သမားလိုလို၊ အရူးလိုလိုနဲ့ ပုံစံမျိုးစုံဖမ်းပြီး သတင်းယူနေတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
“ဒီ အမှတ် ၈ စခန်းက ဘောပြားမ ရဲတစ်ကောင်ရှိတယ်၊ ရှက်ကီသမား၊ သူဆို ရဲလို့တောင်မထင်ရဘူး၊ ဘုံဆိုင်တွေမှာ အမြဲလိုလိုရှိတယ်၊ မနက်လင်းမှ စခန်းထဲပြန်၀င်တာ၊ စခန်းထဲမှာပဲနေတယ်၊ မသိရင် အရက်သမားပဲ၊ သတင်းပေး(Informer)အကြီးစားပဲ”လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက BBM ကိုပြောပါတယ်။
ဒါ့အပြင် ၈၃ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားရှိ အမှတ် ၉ ရဲစခန်းအနီးမှ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာလည်း တစ်နေကုန် လက်ဖက်ရည်သောက်သလို၊ ဘီယာသောက်သလိုနဲ့ ထိုင်နေတတ်တဲ့ ထောက်လှမ်းရေးတွေရှိနေတတ်ပြီး ၀င်လာသမျှ သူတွေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
“ဒီကောင်တွေက တစ်နေရာထဲမှာပဲ ထိုင်တယ်၊ ထမင်းစားနားချိန်ပဲ ပြန်တယ်၊ လက်ဖက်ရည်ဆိုင် ဆိုတာက ထမင်းစားတဲ့နေရာလေ၊ ထမင်းစားချိန်မှာပြန်တယ်၊ ပြီးပြန်၀င်လာတယ်၊ အဲ့ကတည်းက စဉ်းစားကြည့်ပေါ့ဗျာ”လို့ မြို့ခံက အသိပေးပြောဆိုပါတယ်။
ချမ်းအေးသာစံ အနောက်တစ်ကြောဟာ BE လို့ခေါ်တဲ့ အရက်ဖြူဆိုင်လေးတွေ ပေါများပြီး စစ်ကောင်စီရဲ့ လူမိုက်တွေ၊ သတင်းပေးတွေ၊ အများဆုံးစုဝေးတဲ့နေရာလို့လည်း သိရပါတယ်။
“ဒီ ရဲစခန်းတွေနဲ့နီးတဲ့နေရာတွေမှာဆိုရင် BE ဆိုင်လေးတွေရှိတယ်၊ အခြေခံလူတန်းစားသီးသန့်ထိုင်တဲ့နေရာတွေပေါ့၊ အခြေခံလူတန်းစားဆိုတာက မကျေနပ်ရင် အရက်သောက်ရင်းအကုန်ပြောတတ်တော့ ဒီကောင်တွေ အဲလိုနေရာတွေမှာအသွင်ယူပြီး သတင်းယူတာတွေ လုပ်တယ်”လို့ ဆက်လက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ၅ နာရီခန့်မှာလည်း ၈၁ လမ်းနဲ့ ၂၉ လမ်းထောင့်အနီးရှိ ဗဟိုမီးသတ်အနီးမှာ ဒုရဲအုပ် ဂျက်မဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။