Sunday, December 21, 2025
Home » ကျောက်ဖြူမြို့နယ်မှ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေ စပါးရိတ်သိမ်းခွင့်မရ

ကျောက်ဖြူမြို့နယ်မှ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေ စပါးရိတ်သိမ်းခွင့်မရ

0 12
12

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ လက်ရှိမှာ စပါးရိတ်သိမ်းဖို့အတွက် အခက်အခဲတွေ ရှိနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာအနီးပတ်ဝန်းကျင်မှ ကျေးရွာပေါင်း ၂၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ ကြပ်တိန်၊ သပြုတောင်၊ သဖန်ခါး၊ ဇိုင်ချောင်း၊ သိုင်းချောင်း၊ ပြားချွိန်၊ အချွန်း၊ မှင်ခုံးတိုင်၊ ရေနံတောင်၊ ချောင်းဖျား၊ ချောင်းဝ၊ မင်းပြင်၊ ကျောက်ပြောက်၊ ငအုပ်၊ ကျောက်ကလေးစတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေမှ ဒေသခံတွေဟာ မိုးရာသီအတွင်း စိုက်ပျိုးခဲ့တဲ့ စပါးတွေကို ရိတ်သိမ်းရမှာဖြစ်ပေမဲ့လည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုနဲ့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေကြတာကြောင့် မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေကြတယ်လို့ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက BBM ကို ပြောပါတယ်။

“မိုးရာသီကာလတုန်းကဆိုရင် ကျမတို့ဘက်တွေမှာတော့ တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး၊ ပြိုင်းစေ့ကေလို့ဘက်မှာပဲ ဖြစ်ပွားကြတာပါ၊ ဒါကြောင့်ကျမတို့ စစ်ရှောင်ဖို့မလိုဘဲ ရွာမှာလယ်လုပ်ခဲ့တာရှိပါတယ်၊ အခုတော့ ကျမတို့ဘက်တွေမှာလည်း တိုက်ပွဲတွေစဖြစ်နေတော့ အရင်ကစစ်ရှောင်ဖို့မလိုတဲ့ ကျေးရွာတွေလည်း အကုန်လုံးရှောင်ရတာရှိပါတယ်၊ ကျေးရွာတွေမှာ စိုက်ပျိုးခဲ့တဲ့ စပါးတွေကိုလည်း ဘယ်သူ့တစ်ယောက်မှ ရိတ်သိမ်းဖို့မရခဲ့ပါဘူး” လို့ သူမက ဆက်ပြောပါတယ်။

အခုလို စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေမှ ဒေသခံတွေဟာ စပါးရိတ်သိမ်းခွင့်မရရှိခဲ့တာကြောင့် ဝင်ငွေတွေဟာလည်း လျော့နည်းသွားသလို ရေရှည်စားဝတ်နေရေးအတွက်လည်း ခက်ခဲသွားနိုင်တယ်လို့ ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောပါတယ်။

“စပါးမရိတ်ရတော့ လယ်သမားတွေမှာ ဝင်ငွေတွေလည်း မရှိတော့ပါဘူး၊ ကျောက်ဖြူမြို့နယ်က ကျေးရွာတွေဟာ အကုန်လုံးလယ်စိုက်ပြီး လုပ်ကိုင်စားသောက်နေကြတာပါ၊ စပါးလည်းမရိတ်သိမ်းရဆိုတော့ ရေရှည်မှာလည်း စားဝတ်နေရေးတွေ အခက်အခဲရှိလာနိုင်ပါတယ်၊ အခုဆိုရင်လည်း အကုန်လုံးက အခက်အခဲတွေ ဖြစ်နေကြတာပါ၊ စစ်ရှောင်နေရတာဆိုတော့ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးကအစ ခက်ခဲနေကြတာပါ” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ကျောက်ဖြူမြို့နယ်မှ မင်းပြင်၊ သိုင်းချောင်း၊ ရေနံတောင်၊ ချောင်းဖျား စတဲ့ကျေးရွာအနီးတဝိုက်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့မကျရောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်း (ပစ) တွေအပါအဝင် စစ်အင်အားထောင်နဲ့ချီကို မြို့ပေါ်သို့ပို့ဆောင်ပေးထားပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှေ့တန်းစစ်မြေပြင်ကိုလည်း အပတ်စဥ်အလိုက် စစ်အင်အားတွေ ပို့ဆောင်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ၁၀ လ နီးပါးခန့် ကြာမြင့်လာခဲ့ပြီလည်းဖြစ်သလို AA ကလည်း ကျောက်ဖြူမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးအရ ပြင်ဆင်မှုတွေရှိနေတယ်လို့လည်း AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ် တိုက်ပွဲအတွင်းမှာ မြို့ပေါ်နဲ့ ကျေးရွာတွေမှ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ဘေးတိမ်းရှောင်လာသူဦးရေ ခုနှစ်သောင်း (၇၀၀၀၀) ဝန်းကျင်အထိ ရှိလာနေပြီး စားဝတ်နေရေး၊ နေထိုင်ရေးနဲ့ ကျန်းမာရေး စတဲ့ လိုအပ်ချက်တွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။

Leave a Comment

Latest Post

Latest Post