ရခိုင်မှာတော့ အရက္ခတပ်တော် AA ဟာ မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် အခုနှစ် ၂၀၂၅၊ နှစ်ဆန်းပိုင်းလောက်က စတင်ကာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။
တိုင်းဒေသကြီး ၃ ခုနဲ့ ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ တိုက်ပွဲတွေကြိုကြားကြိုကြား ဖြစ်နေကြတာရှိပြီး အခုရက်ပိုင်းအတွင်းမှာတော့ စစ်ရေးတွေပိုမို ပြင်းထန်လာနေတာကို တွေ့ရပါတယ်။
မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေကို AA က ၁၀ လ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာတော့ ရခိုင်ရိုးမအစပ်က စစ်ကောင်စီတပ်စခန်း ၅ ခုနဲ့ ကျေးရွာ ၃ ရွာကို ပူးပေါင်းမဟာမိတ်တပ်တွေနဲ့အတူ သိမ်းပိုက်ရရှိခဲ့တာရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်စခန်းတွေကို သိမ်းပိုက်ရရှိပြီးနောက် AA နဲ့ ပူးပေါင်းတပ်တွေဟာ ဧရာဝတီမြစ်တစ်ဖက်ခြမ်းရှိ မကွေးနဲ့ ပဲခူးတိုင်းရှိ ကပစ စက်ရုံတွေကို ဦးတည်လာနေပြီးတော့ စစ်ကောင်စီတပ်ကလည်း အင်အားအလုံးအရင်းနဲ့ ခံစစ်၊ ထိုးစစ်တွေကို ပြောင်းလဲကာ တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီတပ်ဟာ အမ်း – ပဒါန်းလမ်းပိုင်းရှိ နတ်ရေလေကြောင်းရန်ကာကွယ်ရေးစခန်း ဗျူဟာကုန်းကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ကြိုးပမ်းနေသလို အဲဒီဗျူဟာကုန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ ဂုတ်ကြီးကျေးရွာအနားအထိကိုပါ စစ်ကောင်စီစစ်ကြောင်းတွေ ရောက်ရှိလာတာကိုလည်း တွေ့ရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းနဲ့ ဂုတ်ကြီးကျေးရွာဟာ ၂ မိုင်လောက်က ကွာဝေးတာဖြစ်ပြီး အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက အဲဒီဂုတ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကပင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အမ်း – ပဒါန်းလမ်းပိုင်းက စစ်ကောင်စီတပ်အတွက် အဓိကအရေးအပါ အချက်အချာကျတဲ့ ဂုတ်ကြီးကျေးရွာကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိလိုက်တာဟာ မကွေးတိုင်းအတွင်းကနေ နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်မဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စစ်ကူအင်အားတွေကို ဖြတ်တောက်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ စစ်အင်အားပို့မရတော့တဲ့ ရခိုင်၊ မကွေးအစပ်က နတ်ရေကန်ဗျူဟာကုန်းဟာ AA လက်ထဲကို ကျရောက်တော့မဲ့ အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အဲဒီဗျူဟာကုန်းသာ ကျသွားခဲ့လျှင် မကွေးတိုင်းရှိ ကပစ စက်ရုံတွေအထိကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လွယ်ကူသွားမှာလည်း ဖြစ်ပါတယ်။
အဲဒီအခြေအနေကို သိနေတဲ့စစ်ကောင်စီတပ်ဟာလည်း သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ ဂုတ်ကြီးကျေးရွာကို ပြန်လည်ရရှိဖို့အတွက် တပ်မ ၈၈၊ တပ်မ ၉၉ နဲ့ ပဒါန်းတပ်နယ်အတွင်းက တပ်ရင်းတွေကို အင်အားတွေပြန်လည်စုဖွဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လာမှု ၂ လကျော်ကာလအတွင်းမှာပဲ AAနဲ့ ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ ဂုတ်ကြီးကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း သူတို့ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်လာတာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေဟာ AA သိမ်းထားတဲ့ ဂုတ်ကြီးကျေးရွာကို ဝင်ရောက်လာခဲ့ကြောင်းနဲ့ ၁၉ ရက်နေ့မှာ ဂုတ်ကြီးကျေးရွာတစ်ခုလုံးကို သိမ်းပိုက်ရရှိလိုက်ကြောင်းအပါအဝင် AA တပ်ဖွဲ့တွေဟာလည်း ဂုတ်ကြီးကျေးရွာကနေ ဆုတ်ခွာထွက်ပြေးသွားပြီး ဖြစ်ကြောင်း သူတို့ရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ တစ်ရက်တာ ထိန်းချုပ်နိုင်ခဲ့တဲ့ ဂုတ်ကြီးရွာ
ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သားတွေကို ဂုတ်ကြီးကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သက်သေပြနိုင်ဖို့အတွက် ဂုတ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းနဲ့ ရဲစခန်းရှေ့မှာ ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးခွင့်ရရှိခဲ့ပြီး အဲဒီနေ့ညနေပိုင်းမှာပဲ ဓာတ်ပုံတွေတက်လာတာလည်း ဖြစ်ပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်ရဲ့ သာလွန်အင်အားတွေကြောင့် ဂုတ်ကြီးကျေးရွာကနေ ယာယီဆုတ်ခွာပေးလိုက်ရပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားတွေဟာလည်း ပြန်ပြီးတော့ ဂုတ်ကြီးကျေးရွာကနေ ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
ဂုတ်ကြီးကျေးရွာကို စစ်ကောင်စီ ဝင်ရောက်နိုင်ခဲ့ခြင်းက လေကြောင်းပစ်ကူကို အဓိကအသုံးပြုပြီးတော့ ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း AA နဲ့ နီးစပ်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ တစ်ရက်တာအတွင်းမှာပဲ ဂုတ်ကြီးကျေးရွာကို ထိန်းထားနိုင်ခဲ့တာဖြစ်ပြီး ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးပြီးနောက် AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကြောင့် မူလ ပဒါန်းတပ်နယ်အတွင်းကိုပဲ ပြန်ဆုတ်သွားရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ AA နဲ့ ပူးပေါင်းတပ်တွေဟာ ဂုတ်ကြီးကျေးရွာကို ပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်းနဲ့ တိုက်ပွဲတွေမှာလည်း ဂုတ်ကြီးကျေးရွာအနီးပတ်ဝန်းကျင်တွေမှာ ဖြစ်ပွားနေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မင်းပြင်ဖြစ်စဥ်နဲ့ တူတဲ့ AA ရဲ့ ဂုတ်ကြီးစခန်း တိုက်ခိုက်မှု
အာရက္ခတပ်တော် AA ဟာ ဂုတ်ကြီးစခန်းနည်းတူ မင်းပြင်ရေဒါစခန်းရှိ ဝါဒဖြန့်ဓာတ်ပုံ ရိုက်ကူးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီကနေတစ်ဆင့် AA တပ်စွဲထားတဲ့ မင်းပြင်ဖက်ကို ထိုးစစ်ဆင်လာကာ ရေဒါစခန်းအနီးအရောက်မှာတော့ မင်းပြင်ကျေးရွာကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်းဝါဒဖြန့်ဓာတ်ပုံ ရိုက်ကူးဖို့ ကြိုးစားနေကြစဥ် လက်နက်တွေနဲ့ ပစ်ခတ်ခံရတာလည်း ဖြစ်ပါတယ်။
AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ စစ်ကောင်စီတပ်သားတွေ ဓာတ်ပုံရိုက်ကူးနေတဲ့ နေရာတည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် AA ဟာ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ယာယီဆုတ်ခွာပေးတာမျိုးရှိပြီး စစ်ကောင်စီတပ်ရဲ့ အငိုက်မိနေတဲ့အချိန်ကာလရောက်မှသာ တန်ပြန်ထိုးစစ်ဆင်တဲ့ စစ်ရေးဗျူးဟာကို ကျင့်သုံးလာနေတာလည်း ဖြစ်ပါတယ်။
စစ်ရှိန်ပြင်းလာနေတဲ့ ရခိုင်စစ်မျက်နှာ
စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်က TNLA နဲ့ အပစ်ခတ်ရပ်စဲပြီးနောက် ရခိုင်ဒေသကို မြားဦးလှည့်လာကာ အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ဒေသက AA သိမ်းထားတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်းမှာ ထိုးဖောက်ဝင်ရောက်ဖို့အတွက် ကြိုးပမ်းနေပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း ရေတပ်အင်အားတွေကို တိုးချဲ့ချထားကာ လှည့်လည်ကင်းစောင့်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ပိုမိုပြုလုပ်လာနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကို အဓိကအသုံးပြုကာ ရခိုင်က အရပ်သားပြည်သူတွေကို ဦးတည်ပစ်မှတ်ထားပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကမ္ဘာ့လူအခွင့်အရေးနေ့မှာ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အို အရပ်သားပြည်သူ ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၇၇ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျူးလွန်တဲ့သူတွေကို AA က လက်တုန့်ပြန်သွားမယ်လို့ ပြောဆိုထားပြီးနောက် ရခိုင်စစ်မျက်နှာမှာလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာကို တွေ့ရတယ်လို့ ရခိုင်ဒေသခံတွေက ဆိုပါတယ်။
AA ဟာ သူတို့အခြေကုပ်ရယူထားတဲ့ စစ်တွေမြို့အနီးရှိ နေရာတွေကနေ စစ်တွေရှိမြို့ရှိတပ်ရင်းတွေ၊ ဒကစ ဌာနချုပ်တွေ၊ သက္ကယ်ပြင်ကျေးရွာမှာ ယာယီအခြေစိုက်ထားတဲ့ (နပခ) ဌာနချုပ်ကိုလည်း လက်နက်ကြီး ဟောင်ဝင်ဇာအမြောက်တွေနဲ့ ပစ်ခတ်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ချို့နဲ့ အရာရှိတစ်ချို့မှာ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကလည်း စစ်တွေမြို့ရှိတပ်ရင်းတွေကနေ AA သိမ်းထားတဲ့ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့လည်း ပုဏ္ဏားကျွန်းမြို့ခံတွေက ဆိုပါတယ်။
ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေ စစ်မျက်နှာမှာတော့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ တစ်ဖက်နဲ့ တစ်ဖက်လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး စစ်ရေးအရှိန်မှာလည်း ပြင်းထန်လာနေတာ ဖြစ်ပါတယ်။
အလားတူ ကျောက်ဖြူ စစ်မျက်နှာမှာလည်း အာရက္ခတပ်တော် AA ဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ သိုင်းချောင်းကျေးရွာနဲ့ အနီးတဝိုက်နေရာတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဖြူစစ်မျက်နှာမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြပြီး စစ်တောလမ်းဆုံအထိကိုပါ AA ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်လာနေတယ်လို့လည်း ကျောက်ဖြူဒေသခံတွေက ဆိုပါတယ်။
ကျောက်ဖြူစစ်မျက်နှာမှာတော့ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်း (ပစ)တွေကို အသုံးများလာတာ၊ တရုတ်ထုတ်စစ်လက်နက်တွေကို အသုံးပြုလာတာကြောင့် AA က နယ်မြေတစ်ချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပေမဲ့လည်း လက်ရှိမှာတော့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာတွေ့ရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
AA ဟာ ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲအတွင်းမှာ ခံစစ်ကနေ လက်ရှိထိုးစစ်အသွင်ကိုပြောင်းလဲလာနေတာကြောင့် လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမဲ့ စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲပထမအပိုင်းဟာ ကျောက်ဖြူမြို့ပေါ်မှာ အောင်မြင်စွာကျင်းပနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။