Sunday, February 1, 2026
Home » ကျွန်မတို့ မဲပေးမှာပါ။ နှလုံးသားနဲ့တော့မဟုတ်ဘူးပေါ့

ကျွန်မတို့ မဲပေးမှာပါ။ နှလုံးသားနဲ့တော့မဟုတ်ဘူးပေါ့

0 16
16

ဧရာဝတီမြစ်အနီးရှိ နေရာတစ်ခုမှာ လွှတ်တော်အမတ်ဖြစ်လာဖို့ ရည်မှန်းထားတဲ့ စစ်ကောင်စီရဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်ဟာ ပြည်သူတွေကို နိုင်ငံအတွက်အကောင်းဆုံးလုပ်ပေးမယ်ဆိုပြီး မဲဆွယ်နေပါတယ်။

သူဟာ စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)အတွက် မန္တလေးမြို့၊ အောင်မြေသာဇံ မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။

လူ ၃၀၀ မှ ၄၀၀ ခန့်ဟာ ကြံ့ဖွံ့ပါတီ တံဆိပ်ပါ ဦးထုပ်တွေနဲ့ အလံတွေကို ကိုင်ဆောင်ထားပေမဲ့ မန္တလေးရဲ့ နေ့လယ်ခင်း အပူဒဏ်ကြောင့် ပင်ပန်းလာကြပြီး အချို့မှာ အိပ်ပျော်နေကြပါတယ်။

ကလေးတွေက ထိုင်ခုံတန်းတွေကြားမှာ ပြေးလွှားဆော့ကစားနေကြပါတယ်။

ဒီမိသားစုများစွာဟာ မတ်လတုန်းက မန္တလေးနဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ ဆိုးရွားစွာ ပျက်စီးစေခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဖြစ်ပြီး အလှူငွေရရှိဖို့ မျှော်လင့်နေကြပါတယ်။

စုဝေးပွဲပြီးဆုံးတာနဲ့ အဆုိပါလူအုပ်ကြီးဟာ အစအနတောင်ရှာမရတော့ပါဘူး။

လာမယ့် ဒီဇင်ဘာ ၂၈ရက် တနင်္ဂနွေနေ့မှာ စစ်ကောင်စီရဲ့ ‘အတုအယောင်’ ရွေးကောက်ပွဲကိုကျင်းပမှာပါ။

ဒါဟာ လွန်ခဲ့တဲ့ ငါးနှစ်နီးပါးက စစ်ကောင်စီက အာဏာသိမ်းယူခဲ့ပြီး ကြီးမားတဲ့ ပြည်တွင်းစစ်ကို စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေအတွက် ရွေးကောက်ပွဲမှာ မဲပေးဖို့ ပထမဆုံးအကြိမ် အခွင့်အရေးရရှိမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာရစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် အကြီးအကျယ် ရှုတ်ချနေကြပါတယ်။

ပြည်သူတွေထောက်ခံမှုအများဆုံးရထားတဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ကိုလည်း လျှို့၀ှက် ထောင်တစ်ခုမှာ ပိတ်လှောင်ထားပါတယ်။

မဲပေးတဲ့ကာလကို အဆင့်သုံးဆင့်ပိုင်းပြီး လုပ်မှာဖြစ်ပါတယ်။

စစ်ပွဲတွေပြင်းထန်နေတဲ့ နိုင်ငံရဲ့ ကြီးမားတဲ့ နေရာတွေမှာတော့ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ပါဘူး။

မဲပေးရမယ့်နယ်မြေတွေမှာတောင် ပြည်သူတွေဟာ ကြောက်ရွံ့မှုနဲ့ ခြိမ်းခြောက်မှု‌ေတွ ခံနေရပါတယ်။

မန္တလေးမှာ ကျင်းပတဲ့ စုဝေးပွဲမှာ လူတွေကို ရွေးကောက်ပွဲအပေါ် ဘယ်လိုထင်မြင်ကြလဲလို့ BBC က မေးမြန်းလို့ရမလား တောင်းဆိုတဲ့အခါ ပါတီအရာရှိတွေက ကျွန်တော်တို့ကို မမေးဖို့ ပြောခဲ့ကြပါတယ်။

သတင်းထောက်တွေနဲ့ စကားပြောလေ့ပြောထမရှိတဲ့ ပြည်သူတွေဟာ အဖြေမှားတွေပြောကောင်းပြောနိုင်တယ်လို့ တစ်ယောက်က ရှင်းပြပါတယ်။

အရပ်ဝတ် စစ်ထောက်လှမ်းရေးအရာရှိတွေ အရေအတွက်အရ သူတို့(စစ်ကောင်စီ)ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြနေပါတယ်။

ရွေးကောက်ပွဲကို ဝေဖန်တဲ့ Facebook စာမျက်နှာတွေကို like လုပ်တာ၊ တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ အာဏာရှင်စနစ်မှာ ဒီစစ်ရေးထောက်ခံတဲ့ ပါတီလှုပ်ရှားသူတွေတောင် နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို ဆင်ဆာမဖြတ်ဘဲ မေးခွန်းတွေ မေးခွင့်ပေးရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကြောက်ရွံ့နေကြပါတယ်။

အဲဒီကြောက်ရွံ့မှုက မန္တလေးမြို့ရဲ့ လမ်းတွေပေါ်မှာ ရှိနေပါတယ်။

လတ်ဆတ်တဲ့ မြစ်ငါးတွေ ရောင်းတဲ့ ဈေးဆိုင်တစ်ဆိုင်မှာ ဖောက်သည်အားလုံးက ရွေးကောက်ပွဲအပေါ် သူတို့ဘယ်လိုထင်မြင်ကြလဲဆိုတာကို မဖြေကြပါဘူး။

ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိလို့ မဲပေးရမယ်လို့ တစ်ယောက်က ပြောပါတယ်။

ငါးရောင်းသူက ကျွန်တော်တို့ကို မောင်းထုတ်ခဲ့ပါတယ်။

“မင်းတို့က ငါ့ကို ဒုက္ခပေးလိမ့်မယ်” လို့ သူမက ပြောပါတယ်။

အမျိုးသမီးတစ်ယောက်ပဲ ပွင့်ပွင့်လင်းလင်း ပြောရဲပေမယ့် တွေ့ဆုံဖို့ သီးသန့်နေရာတစ်ခု ရှာဖို့နဲ့ ရွေးကောက်ပွဲအပေါ် သူမရဲ့အမြင်ကို ကြားရဖို့ သူမရဲ့အမည်ကို ဖုံးကွယ်ဖို့ လိုအပ်ပါတယ်။

“ဒီရွေးကောက်ပွဲက လိမ်ညာမှုတစ်ခုပါ” လို့ သူမက ပြောပါတယ်။

“လူတိုင်းကြောက်နေကြတယ်။ လူတိုင်းဟာ သူတို့ရဲ့လူသားဆန်မှုနဲ့ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရတယ်။လူအများအပြားသေဆုံးခဲ့ကြတယ်၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ် ဒါမှမဟုတ် တခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ကြတယ်။ စစ်ကောင်စီက နိုင်ငံကို ဆက်လက်အုပ်ချုပ်နေမယ်ဆိုရင် အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားနိုင်မလဲဆိုတာ မြင်သာပါတယ်။”

သူမက မဲမပေးဘူးလို့ ပြောပေမယ့် အဲဒီဆုံးဖြတ်ချက်က အန္တရာယ်ရှိတယ်ဆိုတာ သူမသိပါတယ်။

ဇူလိုင်လမှာ စစ်ကောင်စီ အာဏာပိုင်တွေက “ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးဖို့ ဟောပြောတာ၊၊ စီစဉ်တာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ” ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အခုလအစောပိုင်းမှာ ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြဖို့ ပထမဆုံးစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီးနောက် ဥပဒေအရ တရားစွဲဆိုခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က သူ့ကို ဖမ်းဆီးဖို့ သတင်းအချက်အလက်တွေပေးရင် ဆုငွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

စက်တင်ဘာလတုန်းကလည်း ရန်ကုန်ရှိ လူငယ်သုံးဦးကို ကျည်ဆန်နဲ့ မဲပုံးတစ်ပုံးကို တွဲဖက်ပြသတဲ့ စတစ်ကာတွေ ကပ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၄၂ နှစ်မှ ၄၉ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

မန္တလေးမြို့ရှိ နန်းတော်ရဲ့ အုတ်နီရောင်နံရံဟောင်းများအောက်မှာ ညနေခင်းနှောင်းပိုင်း လမ်းလျှောက်ရင်း ပျော်ရွှင်နေတဲ့ မိသားစုတွေနဲ့ စုံတွဲတွေပေါ်မှာ
“ပြည်ထောင်စုကို ထိခိုက်စေသူအားလုံးကို ပူးပေါင်းဆောင်ရွက်ပြီး ချေမှုန်းကြ” လို့ ရေးထားတဲ့ ကြီးမားတဲ့ အနီရောင်ပိုစတာတစ်ခု ချိတ်ဆွဲထားပါတယ်။

ဒီလိုခြိမ်းခြောက်မှုတွေအောက်မှာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲပြုလုပ်မယ်ဆိုတာ ‌စိတ်ကူးယဉ်ကြည့်လို့တောင်မရပါဘူး။

ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ လှည့်ကွက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီရက်ပိုင်းမှာ ခြေလှမ်းခပ်စိတ်စိတ်နဲ့ လှမ်းလာနေပါတယ်။

နိုင်ငံတစ်ဝက်ခန့်ဟာ မဲပေးခွင့်လုံးဝမရှိတဲ့ ဒီထူးခြားတဲ့ ရွေးကောက်ပွဲဟာ သူ့ရဲ့အာဏာသက်တမ်း ငါးနှစ်အတွင်း မရရှိခဲ့တဲ့ တရားဝင်မှုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ သူယုံကြည်ပုံရပါတယ်။

မင်းအောင်လှိုင်ဟာ ရန်ကုန်ရှိ စိန့်ကတ်သီဒရယ် ကသလစ်ဘုရားကျောင်းမှာလုပ်တဲ့ ခရစ္စမတ်ပွဲတော်ကိုပင် တက်ရောက်ခဲ့ပြီး “လူပုဂ္ဂိုလ်တွေအကြား အမုန်းတရားနဲ့ မကျေနပ်မှု”တွေကိုရှုတ်ချခဲ့ပြီး ဒါ တွေဟာ”လူ့အသိုင်းအဝိုင်းအတွင်း အကြမ်းဖက်မှုတွေ” ကို ဖြစ်ပေါ်စေတယ်လို့ ပြောခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေမှ မွတ်စလင်ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူဖြစ်ပါတယ်။

ဒေတာခွဲခြမ်းစိတ်ဖြာရေးအဖွဲ့ ACLEDရဲ့အဆိုအရ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် လူပေါင်း ၉‌သောင်း သေဆုံးခဲ့တဲ့အပြင် ပြည်တွင်းစစ်ကြီးကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲ လှည့်ကွက်ဟာ တရုတ်နိုင်ငံရဲ့ သံတမန်ရေးအရ အပြည့်အဝ ထောက်ခံမှုကို ရရှိထားပြီး ထူးဆန်းတာက တစ်ပါတီနိုင်ငံအနေနဲ့ ဒီပါတီစုံ ရွေးကောက်ပွဲကိုနောက်ကနေ နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေ ပေးနေပါတယ်။

အာရှရဲ့ ကျန်ဒေသတွေမှာလည်း လက်ခံဖို့ တွန့်ဆုတ်နေဖွယ် ရှိပါတယ်။

တရုတ်နဲ့ ရုရှားလက်နက်အသစ်တွေ တပ်ဆင်ထားတဲ့ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်လည်ရရှိခဲ့ပါတယ်။

ဇန်နဝါရီလကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ တတိယအဆင့်မှာ ပြန်လည်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ရွေးကောက်ပွဲကျင်းပဖို့ မျှော်လင့်နေတာ ထင်ရှားပါတယ်။

ဒေါ်အောင်ဆန်စုကြည်နဲ့ သူ့ရဲ့ NLD ပါတီ ပျောက်ကွယ်သွားတာကြောင့် သူ့ရဲ့ကြံ့ဖွံ့ပါတီ USDP ဟာ အနိုင်ရဖို့ သေချာသလောက်ပါပဲ။

၂၀၂၀ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ USDP ဟာ လွှတ်တော်အမတ်နေရာရဲ့ ၆ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ပါတယ်။

တချို့ စောင့်ကြည့်သူတွေက မင်းအောင်လှိုင်ဟာ သူ့ရဲ့ အစိုးရလက်ထက်နဲ့ သူ့ရဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကို မေးခွန်းထုတ်ခံရသူဖြစ်ပြီး သူ့ရဲ့ ပါတီအတွင်းမှာတောင် ရေပန်းမစားဘူးလို့ ထောက်ပြကြပါတယ်။

ရွေးကောက်ပွဲပြီးရင် သူဟာ သမ္မတရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ်ရှိပေမယ့် လွှတ်တော်နိုင်ငံရေးကို ပြန်လည်စတင်တဲ့အခါ သူ့ရဲ့ အာဏာဟာ တစ်စိတ်တစ်ပိုင်း လျော့ကျသွားနိုင်ပါတယ်။

ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီအများစု မပါဝင်ပါဘူး။

ရွေးကောက်ပွဲကို တရုတ်က မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် လမ်းကြောင်းလွဲသွားတဲ့ စစ်ကောင်စီအနေနဲ့ ပျက်စီးနေတဲ့ အကျပ်အတည်းမှ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။

‘ဘယ်သူမှ အလျှော့ပေးဖို့ အသင့်မဖြစ်ဘူး’

မန္တလေးမြို့ရဲ့ ငြိမ်းချမ်းတဲ့ မြို့ပြဘဝနဲ့ မလှမ်းမကမ်းမှာတောင်၊ ပြီးဆုံးဖို့ အလှမ်းဝေးနေသေးတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့် ကျန်ခဲ့တဲ့ နက်ရှိုင်းတဲ့ ဒဏ်ရာတွေကို မြင်တွေ့နိုင်ပါတယ်။

ဧရာဝတီမြစ်ရဲ့ တစ်ဖက်ကမ်းမှာ တစ်ချိန်က လူကြိုက်များတဲ့ ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ မင်းကွန်းမှာရှိတဲ့ ခမ်းနားတဲ့ ဘုရားကျောင်းဝင်း ရှိပါတယ်။

အဲဒီကိုရောက်ဖို့ မြစ်ကမ်းဘေးလမ်းအတိုင်း ကားနဲ့ ခဏလေးမောင်းရပေမယ့် ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ မန္တလေးမြို့တစ်ဝိုက်က နေရာအများစုလိုပဲ ဒီနေရာဟာ အငြင်းပွားဖွယ်ရာ နယ်မြေတစ်ခုဖြစ်ခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာအများအပြားကို ထိန်းချုပ်ပြီး တပ်မတော်ယာဉ်တန်းတွေကို ချုံခိုတိုက်ခိုက်ခဲ့ကြပါတယ်။

မင်းကွန်းကိုရောက်ဖို့ စစ်ဆေးရေးဂိတ်တွေ အတော်များများကို ဖြတ်သန်းခဲ့ရပါတယ်။

ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုကို ညှိနှိုင်းဖို့ ဒေသခံရဲမှူးကြီးနဲ့အတူ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်ခဲ့ကြပါတယ်။

သူက လူငယ်တစ်ယောက်ဖြစ်ပြီး သူ့အလုပ်ရဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို မျက်နှာမှာ ဖုံးအုပ်ထားပါတယ်။

သူ့ဘောင်းဘီနောက်မှာ သေနတ်တစ်လက်ကို ထိုးထားပြီး စစ်တပ်သုံး တိုက်ခိုက်ရေးရိုင်ဖယ်တွေကို ကိုင်ဆောင်ထားတဲ့ ငယ်ရွယ်တဲ့ အမျိုးသားနှစ်ယောက် (ယောက်ျားလေးတွေလည်း ဖြစ်နိုင်တယ်) က သူ့ရဲ့ ကိုယ်ရံတော်အဖြစ် အနားကပ်ထိုင်နေကြပါတယ်။

သူက ရွာထဲမှာ သွားလာဖို့အတွက် ဒီလက်နက်တွေကို ကိုင်ဆောင်ထားရတယ်လို့ ပြောပါတယ်။

သူ့ဖုန်းထဲမှာ သူ့ရဲ့ပြိုင်ဘက် PDF‌ေတွရဲ့ ပုံတွေ ရှိနေပါတယ်။

အဝတ်အစားတွေ ပေပွနေတဲ့ လူငယ်တွေ၊ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကနေ ခိုးသွင်းလာတာ ဒါမှမဟုတ် သေဆုံးသွားတဲ့ စစ်သားတွေနဲ့ ရဲအရာရှိတွေဆီကနေ ရရှိလာတဲ့ လက်နက်အမျိုးမျိုးနဲ့ပါ။

Unicorn Guerrilla Force လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့က စကစ အကြာက်ဆုံး ရန်သူပါ။

သူတို့က ဘယ်တုန်းကမှ ညှိနှိုင်းခဲ့တာ မရှိဘူးလို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် အမြဲတမ်း ပစ်ခတ်ကြတယ်။ အဲဒီလိုပဲ ဖြစ်နေတာ။”

သူ့ရဲ့ မြောက်ဘက်က ရွာအများစုမှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ သူက ထပ်လောင်း ပြောပါတယ်။

“ဒီမှာရှိတဲ့ လူတိုင်းက ဒီပဋိပက္ခမှာ ဘက်လိုက်ကြတယ်။ အရမ်းရှုပ်ထွေးပြီး ခက်ခဲတယ်။ ဒါပေမယ့် ဘယ်သူမှ အလျှော့ပေးဖို့ အဆင်သင့် မရှိဘူး။”

တစ်နာရီလောက်ကြာတော့ မင်းကွန်းကို ရောက်ဖို့ အရမ်းအန္တရာယ်များလိမ့်မယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။

PDF တွေက ခင်ဗျားတို့ သတင်းထောက်တွေဆိုတာ မသိလောက်ဘူးလို့ သူက ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းတွေနဲ့ ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ စစ်ကောင်စီ ဗိုလ်ချုပ်ကြီး တေဇာကျော်က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို အပြည့်အဝ အပြစ်တင်‌ေပြာဆိုခဲ့ပါတယ်။

“သူတို့က လက်နက်ကိုင်ခုခံမှုကို ရွေးချယ်ခဲ့ကြတယ်”လို့ သူက ဆိုပါတယ်။

“ရန်သူနဲ့အတူ ရှိနေသူတွေကို ဥပဒေအရ ပြည်သူတွေအဖြစ် မရှုမြင်နိုင်ပါဘူး။ ဒါကြောင့် သူတို့ဟာ အကြမ်းဖက်သမားတွေပါပဲ။”

မန္တလေးမြို့က လူတွေက ဒီရွေးကောက်ပွဲဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အရှိအဝါနဲ့ ဂုဏ် မရှိဘူးလို့ ပြောပါတယ်။ စုဝေးပွဲ အနည်းငယ်သာ ရှိခဲ့ပါတယ်။

တခြားပါတီ ငါးခုသာ USDP ကို တစ်နိုင်ငံလုံးမှာ စိန်ခေါ်ခွင့်ရှိပြီး ဘယ်ပါတီမှ သူတို့လောက် အရင်းအမြစ်နဲ့ အဖွဲ့အစည်းဆိုင်ရာ ကျောထောက်နောက်ခံ မရှိပါဘူး။ မဲပေးသူ များပြားမယ်လို့ မမျှော်လင့်ပါဘူး။

ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ လက်စားချေမှု ဒါမှမဟုတ် ပြည်တွင်းစစ်ကြောင့် ပင်ပန်းနွမ်းနယ်မှုကို ကြောက်ရွံ့နေတာကြောင့် ရွေးကောက်ပွဲအပေါ် သူတို့ရဲ့ အမြင်တွေ မည်သို့ပင်ရှိစေကာမူ မြန်မာလူမျိုး အများအပြားဟာ မဲရုံတွေကို ဆက်လက်သွားရောက်နေကြဦးမှာပါ။

“ကျွန်မတို့ မဲပေးမှာပါ” ဟု အမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပြီး “ဒါပေမယ့် ကျွန်မတို့ရဲ့ နှလုံးသားနဲ့တော့ မဲမပေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Reference-BBC, Written by Johnathan Head, additional report by LuLu Luo
Translator-Richard

Leave a Comment

Latest Post

Latest Post