ဒီအပတ်အတွက် ထူးခြားစစ်ရေးသတင်းလို့ဆိုလိုက်ရင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ကသာမြို့စစ်ရေး၊ ဆင်ဖြူကျွန်း၊စလင်း ဘက်က စစ်ရေးအခြေအနေ(၂)ခုလို့ပဲဆိုရမှာပါ။ ပထမဦးဆုံး ကသာမြို့စစ်မျက်နှာနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းကတည်းက ကသာကို KIA၊ PDFနဲ့အခြားမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဖြည်းဖြည်းချင်းစတိုးနေပြီး ရွေးကောက်ပွဲကျင်းပတဲ့ ၂၈ရက်နေ့မှာတော့ အလုံးအရင်းနဲ့ကို ဝင်တိုက်ခဲ့တာကြောင့် လက်ရှိအတော်လေးတိုက်ပွဲပြင်းထန်နေတယ်လို့ သိရတယ်။
ကသာမြို့မှာက စစ်ကောင်စီရဲ့ခမရ(၃၀၉) တပ်ရင်းအပြင် တပ်မ(၇၇)အောက်က တပ်ရင်းတပ်ဖွဲ့အချို့ရှိနေတယ်လို့လည်း ကြားနေရပြီး
လက်ရှိအချိန်ထိ မြို့အဝင်က ရပ်ကွက်(၅)/ရပ်ကွက်(၈)/ကားကြီးကွင်းတို့အပြင် စစ်တပ်စခန်းချထားတဲ့ သူတော်တောင်၊ ရေကန်တောင်တို့ကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိထားတယ်လို့ သိထားရပြန်တယ်။ မြေပြင်စစ်ရေးပြင်းထန်တာနဲ့အညီ စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတာတွေ အဆက်မပြတ်ပြုလုပ်နေတယ်လို့လည်း သိရတယ်။
ဆိုတော့ ကသာမြို့ရဲ့စစ်ရေးအခြေအနေက အားလုံးခြုံငုံပြီးကြည့်ရမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေက အားသာနေတယ်လို့ပြောလို့ရပြီး ၃ရက်အတွင်းမှာကို မြို့ထဲတဖြည်းဖြည်းနဲ့ချဥ်းနင်းဝင်ရောက်လာနေတယ်။ဒီပုံအတိုင်း၊ ဒီနှုန်းအတိုင်းဆို တိုက်ပွဲကြာချိန် ၁ပတ်အတွင်းမှာပဲ မြို့ကိုရနိုင်ချေရှိနေတယ်။ ဒီနေရာမှာ ကသာ နဲ့ပတ်သတ်ပြီး ပြောစရာတစ်ခုကရှိနေပါတယ်။ အဲ့တာဘာလဲဆိုတော့ စစ်ကိုင်းအထက်ပိုင်းက စစ်ရေးတွေဟာ သတိထားမိသလောက်ဆိုရင် ကချင်ပြည်နယ် အထူးသဖြင့် ဗန်းမော်ကစစ်ရေးတွေနဲ့ ဆက်စပ်မှုတွေရှိနေပါတယ်။
မြင်သာအောင်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့မိုးရာသီအတွင်း ဧရာဝတီမြစ်ကြောင်းကတစ်ဆင့် ဗန်းမော်ကို စစ်တပ်ကအားဖြည့်ပြီး သိပ်မကြာခင်မှာပဲ KIAနဲ့ပူးပေါင်းအဖွဲ့တွေက စစ်ကိုင်းမှတဆင့် ကချင်ပြည်နယ်သွားရာလမ်းကြောင်းပေါ်က ဗျူဟာကျတဲ့ ဗန်းမောက်ကို တစ်ပတ်အတွင်း ဝင်သိမ်းခဲ့ပါတယ်။ ဗန်းမော်ကိုအာရုံစိုက်နေတဲ့ စစ်တပ်အတွက် သူတိူ့မထင်မှတ်ထားတဲ့ စစ်မျက်နှာတစ်ခုကနေ အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရတာမို့ မရှုမလှနဲ့အထိနာခဲ့ရပြီး မြို့ကိုလည်း လက်လွှတ်ခဲ့ရတာကိုတွေ့ရပါတယ်။
ယခုတစ်ဖန်လည်း ဗန်းမော်မှာKIAနဲ့အဖွဲ့တွေက မီးကုန်ယမ်း ကုန်နဲ့ထိုးစစ်ဆင်နေတဲ့သတင်းတွေထွက်ပြီး သိပ်မကြာခင်မှာပဲ တော်လှန်ရေးအင်အားစုတွေက ကသာထိုးစစ်ကိုပါအရှိန်မြှင့်ပြီး မြို့ပေါ် ရပ်ကွက်တွေအထိဝင်ရောက်တိုက်ခိုက်လာနေတာပဲဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ကသာမြို့ဟာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ပင်လည်ဘူး၊ အင်တော်မြို့တို့နဲ့ မြေပုံမှာဆိုရင် တစ်တန်းတည်းအနေအထားမျိုးရှိနေပြီး ဗန်းမောက်ကိုလက်လွှတ်ထားရတဲ့ စစ်တပ်အနေနဲ့ ကသာကိုပါ ထပ်ပေးလိုက်ရမယ်ဆိုရင် အရေးကြီးနေတဲ့ ကချင်စစ်မြေပြင်အတွက် စစ်ကိုင်းကိုဖြတ်ပြီး စစ်ကူပို့လို့ရမဲ့ နောက်ထပ်တံခါးပေါက်တစ်ချပ် ပိတ်သွားတယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒီလိုအရေးကြီးတာကြောင့်မို့လည်း KIA ဟာ ဗန်းမော်ကိုအပြီးမတိုက်ခင် ပြည်မက စစ်ကူဝင်လာနိုင်တဲ့ လမ်းကြောင်းတွေအပေါ်ကမြို့တွေကို မဝါမိတ်တွေနဲ့ပူးပေါင်းပြီး တစ်မြို့ပြီးတစ်မြို့သိမ်းဟန်တူပါတယ်။ ဒီအခြေအနေဒီတွက်ချက်မှုအတိုင်းဆို ကသာကိုတော်လှန်ရေးအဖွဲ့တွေက ရအောင်တိုက်မှာဖြစ်ပြီး ရဖို့လည်းများတယ်လို့ ယူဆနိုင်ပါတယ်။
ကသာနည်းတူ ဒီအပတ်ထဲလူပြောများနေတဲ့ နောက်ထပ် စစ်မျက်နှာတစ်ခုကတော့ ဆင်ဖြူကျွန်းနဲ့ စလင်းဘက်က စစ်ရေးအခြေအနေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁ရက်၂ရက်လောက်ကမှ တော်လှန်ရေးအင်အားစုတွေဟာ ဆင်ဖြူကျွန်းနဲ့ စလင်းက စစ်တပ်စခန်းတွေအကုန်လုံးကို သိမ်းတော့မှာမို့ ပြည်သူတွေရှောင်ရှားပေးကြဖို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေကြေငြာထားတဲ့ ဆင်ဖြူကျွန်းနဲ့ စလင်း မြို့နှစ်ခုစလုံးဟာ မကွေးတိုင်းထဲကပဲဖြစ်ပြီး အဆိုပါဒေသကတော်လှန်ရေးအင်အားစုတွေအနေနဲ့ လည်းအာရက္ခတပ်တော် AA နဲ့စစ်ရေးအရ ပတ်သတ်ဆက်နွယ်မှုတွေရှိနေတယ်လို့လည်း သိထားရတယ်။
ဒါကြောင့် ဒီလိုတရားဝင်ထုတ်ပြောပြီး မြို့ကိုသိမ်းပိုက်မယ်လို့ ရာဇသံပေးကာ ကြေငြာထားတယ်ဆိုကတည်းက အဆိုပါဒေသကတော်
လှန်ရေးအင်အားစုတွေအနေနဲ့ အနီးစပ်ဆုံးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော်(AA)ထံမှ ခိုင်မာတဲ့ထောက်ခံမှုတွေ ၊ ကတိကဝိတွေ ရထားတယ်လို့လည်း ယူဆနိုင်ပါတယ်။
ဒါတင်မက ဒီကာလထဲမှာကို မကွေး-ရခိုင်နယ်စပ်မှာ စစ်တပ်နဲ့ AA တို့အပြင်းအထန်တိုက်ပွဲဖြစ်ထားတာမို့ ဆင်ဖြူကျွန်း၊ စလင်းတိုက်ပွဲသာဖြစ်လာမယ်ဆို မကွေးတိုင်းရဲ့စစ်မျက်နှာဟာ ပိုမိုရှုပ်ထွေးကျယ်ပြန့်လာနိုင်ပြီး ချိနဲ့နေတဲ့ စစ်ကောင်စီရဲ့အင်အားတွေကို ပြန့်ကျဲသွားအောင် ပိုမိုလုပ်ဆောင်လာနိုင်ချေလည်းရှိနေပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီအနေနဲ့လည်းမကွေးစစ်ရေးနဲ့ပတ်သတ်ပြီး ၎င်းတို့ရှိသမျှအင်အားအကုန်ထုတ်သုံးပြီး ကာကွယ်မှာကတော့သေချာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မကွေးတိုင်းဟာ စစ်ကောင်စီအတွက် တစ်ချိန်ကအလုံခြုံဆုံးဒေသဖြစ်ခဲ့တာမို့ ၎င်းတို့အတွက်အသက်သွေး ကြောဖြစ်တဲ့ ကပစ စက်ရုံ(၂၀)လောက်ကို အခြေစိုက်ထားတဲ့ ဒေသပဲဖြစ်ပါတယ်။ ဒါတင်မက ကပစ စက်ရုံတွေဟာ စစ်ကောင်စီရဲ့အခြားစစ်ဌာနချုပ်တွေလို တစ်နေရာအသိမ်းခံရလို့ အခြားတစ်နေရာမှာ ပြောင်းရွှေ့ပြီး ဖွင့်လို့မရတဲ့ အနေအထားမျိုးလည်း မဟုတ်တာမို့ ဒီစက်ရုံတွေမကျစေဖို့အတွက် လုပ်နိုင်သမျှအကုန်လုပ်ပြီး စစ်တပ်ဟာ အစွမ်းကုန်ကာကွယ်သွားဖို့လည်းရှိနေပါတယ်။
ဒါကြောင့် ဆင်ဖြူကျွန်း၊စလင်းစစ်ရေး (တစ်နည်းအားဖြင့်) မကွေး စစ်ရေးဟာ မကွေးတိုင်းတစ်ခုတည်းအတွက်သာမဟုတ်ဘဲ နိုင်ငံအနှံ့က တော်လှန်ရေးစစ်မျက်နှာတွေအတွက် အပြောင်းအလဲကြီးကြီးမားမားတစ်ခုဖြစ်လာနိုင်ချေရှိပြီး နှစ်ဖက် အပြင်းအထန်ဆုံးသောတိုက်ပွဲတွေ ဖြစ်လာနိုင်မဲ့ အရိပ်အယောင်တွေ မြင်တွေ့နေရတယ်လို့ပဲဆိုချင်ပါတယ်။