Friday, January 30, 2026
Home » ပန်းတောင်းမှာ စစ်တပ်စစ်ကြောင်းကို AA ကွန်မန်ဒိုအဖွဲ့တိုက်ခိုက်မှု စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်သေဆုံး

ပန်းတောင်းမှာ စစ်တပ်စစ်ကြောင်းကို AA ကွန်မန်ဒိုအဖွဲ့တိုက်ခိုက်မှု စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်သေဆုံး

0 24
24

စကခမှူးဟာ စစ်တပ်ကချီးမြှင့်တဲ့ စွမ်းရည်ဆိုင်ရာဘွဲ့တွေ (၂)ကြိမ်ခန့် ရထားသူဖြစ်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော်(AA)ရဲ့ ကွန်မန်ဒို အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှာ သေဆုံးခဲ့ရတဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူဟာ စကခ(၁၀)စကခမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်ဖြစ်ပြီး သူ့ရဲ့အလောင်းလက်နက်တွေကိုလည်း AA က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက် မနက် ၉ နာရီခန့်မှာ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအတွင်း ၆၆၆ ကုန်းနဲ့ ကပစ ၁၆ ကြား၊ မသုန်ရွာအနောက်ဘက် မီတာ ၅၅၀၀ ခန့်မှာ စခန်းချနေတဲ့ စကခ(၁၀) စကခမှူး ဦးဆောင်တဲ့ စစ်ကြောင်းကို အာရက္ခတပ်တော်(AA)ရဲ့ ကွန်မန်ဒိုစစ်ကြောင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စကခ(၁၀) စကခမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်အပါအဝင် စစ်ကောင်စီတပ်သား (၁၀)ဦးကျော်
သေဆုံးခဲ့သလို အလောင်းလက်နက်တွေကိုလည်း AAက သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ မိနစ်(၃၀)ကျော်သာ ကြာမြင့်ခဲ့ပေမဲ့ တိုက်ပွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းအတွင်းမှ ရာထူးအကြီးဆုံးဖြစ်သူ စကခမှူးကို ရှင်းလင်းနိုင်ခဲ့ပြီး အာရက္ခတပ်တော်က အထိအခိုက်နည်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ စကခမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်ဟာ စစ်တက္ကသိုလ်အပတ်စဥ်(၄၃)မှ ဖြစ်ပြီး စကခ(၁၀) စကခမှူး မဖြစ်ခင်က ကော့သောင်းမြို့ စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ CDM ဗိုလ်မှူးတစ်ဦးက BBM ကိုအတည်ပြုပြောဆိုပါတယ်။

“ခုသေတဲ့ စကခ(၁၀) စကခမှူး ဟန်လင်းအောင်က DSA (၄၃)ကပါ၊ တပ်မမှူး မဖြစ်ခင်က ကော့သောင်း စစ်ဗျူဟာမှူးလုပ်ခဲ့တယ်၊ အဲ့ကမှ တပ်မမှူးဖြစ်လာတာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် အဆိုပါတပ်မမှူးဟာ သူ့ရဲ့အပတ်စဥ်ဖြစ်တဲ့ စစ်တက္ကသိုလ် အပတ်စဉ်(၄၃) မှာလည်း အစောဆုံး တပ်မမှူးဖြစ်ခဲ့သူဖြစ်သလို စစ်ခေါင်းဆောင်တွေ ချီးမြှင့်ထားတဲ့ စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲ့တွေကိုလည်း (၂)ကြိမ်လောက်အထိ ရရှိဖူးသူဖြစ်တယ်လို့လည်း အဆိုပါ ဗိုလ်မှူးက ဆက်ပြောပါတယ်။

“သူ့အပတ်စဥ်မှာဆိုရင် အရင်ဆုံး တပ်မမှူးဖြစ်တဲ့သူပေါ့၊ ပြီးတော့ စစ်ခေါင်းဆောင်တွေပေးတဲ့ စွမ်းရည်ဆိုင်ရာဘွဲ့တွေလည်း (၂)ခါလောက်ရဖူးတဲ့သူပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်မျက်နှာတွေမှာ အခုဖြစ်စဥ်သာမက ရှေ့ပိုင်းတွေမှာလည်း မြောက်ဦး၊မောင်းတော၊ ဂွ နဲ့အမ်းမြို့အပါအဝင် အခြားတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မမှူးအဆင့်ရှိသူတွေနဲ့ အရာရှိကြီးအဆင့်တွေပါ သေဆုံးဖမ်းဆီးခံရတဲ့ ဖြစ်စဥ် အမြောက်အများရှိခဲ့ဖူးပါတယ်။

ဒီလိုအရာရှိကြီးအဆင့်တွေပါ သေဆုံးတာတွေ သုံ့ပန်းဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ရခိုင်စစ်မြေပြင်အတွင်းမှာ တပ်အတွင်း အောက်ခြေသာမက အရာရှိကြီးအဆင့်တွေပါ ပြုန်းတီးမှုများပြားနေသလို စစ်ချီရာမှာလည်း ဖရိုဖရဲဖြစ်နေတဲ့အပြင် ဖွဲ့စည်းပုံပျက်နေတယ်လို့ တပ် CDM အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုထားကြပါတယ်။

Leave a Comment

Latest Post

Latest Post