Thursday, March 26, 2026
Home » ဘန်ကောက်မြို့ရှိ ဒေါ်လာသန်းချီတန် ဇိမ်ခံအိမ်ရာတွေ မင်းအောင်လှိုင်မိသားစု ဝယ်ယူထားမှု JFM ဖော်ထုတ်

ဘန်ကောက်မြို့ရှိ ဒေါ်လာသန်းချီတန် ဇိမ်ခံအိမ်ရာတွေ မင်းအောင်လှိုင်မိသားစု ဝယ်ယူထားမှု JFM ဖော်ထုတ်

0 8
8

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံနဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်တို့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တန်ဖိုးကြီးဇိမ်ခံအိမ်ရာတစ်ခုကို အမေရိကန်ဒေါ်လာ ၃ သန်းခန့်နဲ့ ဝယ်ယူခဲ့တယ်လို့ Justice For Myanmar (JFM) က အထောက်အထားများနဲ့တကွ ဖော်ထုတ်လိုက်ပါတယ်။

အဆိုပါ ဝယ်ယူမှုကို စစ်အုပ်စုရဲ့ လက်နက်ပွဲစား ခရိုနီဖြစ်သူ ထွန်းမင်းလတ်က ကြားခံညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အခုလို ဒေါ်လာသန်းချီတန်တဲ့ အိမ်ရာတွေကို ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။

အခုဝယ်ယူခဲ့တဲ့ အဆင့်မြင့်အိမ်ရာမှာ Issara Residence, Rama 9 စီမံကိန်းမှာ ရှိပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ပိတ်ဆို့မှုမခံထားရသေးတဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်ရဲ့ အမည်ကို အသုံးပြုပြီး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်နိုင်တယ်လို့ JFM က သုံးသပ်ထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြားသားတွေ မြေယာပိုင်ဆိုင်ခွင့် တားမြစ်ချက်ကို ရှောင်လွှဲဖို့အတွက် Emerald Princess အမည်ရှိ ရုပ်ပြကုမ္ပဏီတစ်ခုကို အိမ်ရာပိုင်ဆိုင်မှု လွှဲပြောင်းခြင်းမပြုမီ တစ်ပတ်အလိုမှာ အလျင်အမြန် တည်ထောင်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်ပြကုမ္ပဏီ လိပ်စာမှာ အိမ်ခြံမြေရောင်းချတဲ့ Charn Issara ကုမ္ပဏီရဲ့ ရုံးချုပ်လိပ်စာအတိုင်း ဖြစ်နေပြီး ဒါရိုက်တာမှာလည်း Charn Issara ရဲ့ ထိပ်တန်းအမှုဆောင်တစ်ဦး ဖြစ်နေတဲ့အတွက် အိမ်ခြံမြေကုမ္ပဏီကိုယ်တိုင်က စစ်ခေါင်းဆောင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ပေးဖို့ ကူညီခဲ့တယ်လို့ ယူဆရကြောင်း ဆိုပါတယ်။

မင်းအောင်လှိုင် မိသားစုဟာ အဲဒီအိမ်ရာသာမက Belle Grand Rama 9 ကွန်ဒိုမီနီယမ်မှာလည်း ဘတ် သန်း ၂၀ တန် ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ထားတယ်လို့ အရင်ကလည်း ဖော်ထုတ်ခံထားရဖူးပါတယ်။

အဆိုပါကွန်ဒိုအခန်းကို ၂၀၂၄ စက်တင်ဘာလမှာ အခွန်မပေးချေမှုနဲ့ ထိုင်းအာဏာပိုင်တွေက ထိန်းချုပ်ပိတ်ပင်ထားပေမဲ့ သိမ်းဆည်းဖို့ အရေးယူမှုတွေ လိုအပ်နေသေးပါတယ်။

ကြားခံဆောင်ရွက်ပေးသူ ခရိုနီ ထွန်းမင်းလတ်ဟာ အောင်ပြည့်စုံ ကိုယ်စား ငွေပေးချေမှုတွေကို ထိုင်းဘဏ်ကြီး သုံးခုမှတစ်ဆင့် ဆောင်ရွက်ခဲ့ပြီး သူကိုယ်တိုင်လည်း အဆိုပါကွန်ဒိုမှာ တိုက်ခန်း ၃ ခန်း ထပ်မံပိုင်ဆိုင်ထားတယ်လို့ မြေယာမှတ်တမ်းများအရ အတည်ပြုနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

JFM အနေနဲ့ ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ မတရားရရှိထားသော ငွေကြေးတွေနဲ့ ဝယ်ယူထားတဲ့ အဆိုပါ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့နဲ့ မြန်မာနိုင်ငံမှာ တရားဝင်အစိုးရတစ်ရပ် ပေါ်ထွန်းလာချိန်မှာ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့အတွက် ထိန်းသိမ်းထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ဇနီးဖြစ်သူ ကြူကြူလှနဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်တို့ဟာ ဒီနေ့အထိ မည်သည့်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကိုမှ မခံရသေးဘဲ စစ်မိသားစုအတွက် ကယ်ပေါက်ဖြစ်နေတာကြောင့် သူတို့ကိုပါ နိုင်ငံတကာက အရေးယူပိတ်ဆို့ဖို့ JFM က အလေးအနက် တောင်းဆိုထားပါတယ်။

Leave a Comment

Latest Post

Latest Post