မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေ၊ ရေနံလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တာဝန်ရှိသူတွေက ပူးတွဲပြီး ကြီးကြပ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မနေ့က ဧပြီလ ၃ ရက်နေ့မှာ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တာဝန်ရှိသူတို့က Online မှတဆင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုကနေ လတ်တလော မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရေနံမှော်ကိစ္စ အခြေအနေတွေကို ဖြေရှင်းနိုင်မယ့် သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယမန့်နေ့ ညပိုင်းမှာ အသိပေးထုတ်ပြန်ခဲ့တာပါ။
အဆိုပါ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ဦးဆောင်တဲ့ တာဝန်ရှိသူများ၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်နဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကိုယ်စားလှယ်တဦးတို့ ဦးဆောင်တဲ့ တာဝန်ရှိသူတွေ ပူးတွဲ၍ မကွေးဖက်ဒရယ်ယူနစ် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးတွေ ဦးဆောင်တွေ တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းမယ့် ကြီးကြပ်ရေးအဖွဲ့က ရေနံမြေ၊ ရေနံလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ်ဆောင်ရွက်သွားကြဖို့ အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့အစည်းများ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာဥပဒေနဲ့အညီ ကောင်းစွာပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo – Social Media (ပုံဟောင်း)