သတင်း – ဦးထွန်း
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်မှ ငါန်းဇွန်မြို့နယ်ဘက်ကို ဖောကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၄၀ ခန့်ကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ ၂ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၂၃ ရက်၊ နေ့လည် ၁ နာရီ ၄၆ မိနစ်မှာ တံတားဦးမြို့နယ် ဂွေးကုန်းဂိတ်မှ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုံကို ဖောကားအဖြူနဲ့ထွက်ခွာလာတဲ့ စကစအင်အား ၄၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးတဲ့အပြင် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းနဲ့ စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို မြို့သာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၃) ၊ မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၂)နဲ့ TGYR Youth Guerrilla Counter Revolution Ngazun ညီနောင်မဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။