စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ
သတင်း-သူရိန်
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ စခန်း ၉ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ PDF စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက် တပ်တွေနဲ့ KNLA တပ်ဖွဲ့တွေက စစ်ကောင်စီစခန်း ၉ ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိတဲ့အပြင် ရဲအုပ် တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ်အစုံ ၁၆ လက်နဲ့ ခဲယမ်းများအပါအဝင် စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေ ပိုမိုမြှင့်တင်ပြီး လုပ်ဆောင်လျက်ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။