သတင်း-နိုင်နိုင်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တိုက်ပွဲအခြေအနေမှာ မြို့အနီးအနားကို ရောက်ရှိလာတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေဟာ မြို့ပေါ်ကနေ ရေကြောင်းခရီးနဲ့ ထွက်ပြေးမှုများရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့ ညနေ့ပိုင်းလောက်က အာရက္ခတပ်တော် (AA) ဟာ ကျောက်ဖြူမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ ခလရ ၃၄ တပ်ရင်းကို လက်နက်ကြီးသုံးကြိမ်ပစ်ခတ်မှုနဲ့အတူ၊ မြို့ပေါ်မှာ လက်နက်သံတွေ နေ့စဥ်ကြားနေရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေမှာ ကျောက်ဖြူမြို့ရေကြောင်းကနေ ရန်ကုန်နဲ့ တခြားနေရာများကို ထွက်ပြေးနေမှုများရှိတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
လက်ရှိထွက်ပြေးနေကြသူတွေမှာ ကျောက်ဖြူမြို့ပေါ်ရှိ ခလရ ၃၄တပ်ရင်း၊ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာရှိ ခမရ ၅၄၂၊ ၅၄၃ တပ်ရင်းနဲ့ ရေတပ်စခန်းအသီးသီး အမျိုးသမီးတွေနဲ့ ကလေးတွေအများအပြားပါဝင်တယ်လို့လည်း အစိုးရဝန်ထမ်းကျောက်ဖြူဒေသခံတစ်ဦးကဆိုပါတယ်။
“ကျောက်ဖြူမြို့မှာတော့ မြို့ပေါ်အထိ လက်နက်ကြီးပစ်ခတ်သံတွေကို ကြားရတယ်။ ဟိုတစ်နေ့တုန်းကဆိုရင် မြို့ထဲကလည်း လက်နက်ကြီးတွေ အရမ်းပစ်တယ်။ ဒါကြောင့် စစ်ကောင်စီတပ်ရင်းတွေက တပ်ဖွဲ့ဝင်မိသားစုတွေ အကုန်လုံးပြောင်းနေကြပြီ။ အဓိကတော့ မိန်းမနဲ့ ကလေးသူငယ်တွေ ထွက်ပြေးကြတာပါ။ တစ်ချို့က လေကြောင်းနဲ့သွားကြသလို၊ ရေကြောင်းကနေ အများကြီးသွားကြတယ် ” လို့ အဆိုပါကျောက်ဖြူ ဒေသခံက ဆိုပါတယ်။
လက်ရှိကျောက်ဖြူမြို့အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေသာ ရေကြောင်းကနေ အလွယ်တကူသွားလာလို့ရပေမယ့် မြို့ပေါ်ကအရပ်သားဒေသခံတွေမှာ ရေကြောင်းကနေ ထွက်ပြေးတိမ်းရှောင်ဖို့အတွက် မြို့နယ်ထွေအုပ်ရုံးကိုရက်အတော်ကြာ စာတင်ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပညာရေးဌာနကဝန်ထမ်းတွေ၊ ကျန်းမာရေးဦးစီဌာနကဝန်ထမ်းတွေနဲ့ ထွေအုပ်ရုံးကဝန်ထမ်းတွေကိုတော့ စစ်ကောင်စီက ခရီးသွားလာမှုကန့်သတ်ကာ မြို့အတွင်းတာဝန်ထမ်းဆောင်ဖို့ ဖိအားပေးစေခိုင်းတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
“ဒီရေကြောင်းနဲ့သွားတာကလည်း စစ်သားမိသားစုတွေက အလွယ်တကူသွားလို့ရတယ်။ ဒေသခံတွေကျတော့ စာတင်ခိုင်းတယ်။ ပွဲစားတွေကိုလည်း ငှားရသေးတယ်။ ပိုက်ဆံလည်းအရမ်းပေးရတယ်။ ရက်လည်းအတော်ကြာစောင့်ရတယ်” လို့ ကျောက်ဖြူမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အခြားတစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖြူမြို့ပေါ်အတွင်းမှာ အင်အားအများဖြည့်တင်းထားကာ တပ်ရင်းအနီးအနားတွေမှာလည်း ဘန်ကာများခိုင်ခိုင်မာမာပြုလုပ်နေသလို မြို့ပေါ်ရှိရပ်ကွက် အသီးသီးမှာလည်း လုံခြုံရေးကို တင်းကျပ်စွာစစ်ဆေးဆောင်ရွက်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိ ကျောက်ဖြူတိုက်ပွဲဟာ မြို့ပေါ်နဲ့ ၄ မိုင်အကွာမှာရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းကို အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆို့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သား ရာနဲ့ချီအကျဆုံးတွေရှိကာ စစ်သုံ့ပန်း ၁၆၀ ကျော်ကိုလည်း အာရက္ခတပ်တော် AA က ဖမ်းဆီးရမိတာတွေ ရှိတယ်လို့လည်း ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။