ချင်းပြည်နယ်စပ် ကလေးမြို့ကနေ ချင်းပြည်၊ တီးတိန်မြို့နယ်ထဲကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ၁လခွဲကြာတဲ့အထိ ရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ချင်းပြည်နယ်စပ်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲကို အင်အားရာဂဏန်းနဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
“အင်အားက အများကြီးတော့ မဟုတ်ဘူးဗျ။ ၁၀၀ရာကျော်၊ ၂၀၀ရာကျော်
ဟာ မိုင်ကုန်ပဲ”
လို့ စစ်ကြောင်းကို မြင်လိုက်ရတဲ့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။ ကလေးမြို့ကနေ ချင်းပြည်၊ တီးတိန်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက မေ ၂၁ ရက်နေ့ကစ ခုခံတိုက်ခိုက်ခဲ့ကြပြီး အထိနာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကလေးမြို့နဲ့ ဆယ့်ငါးမိုင်အကွာ မွာလ်ပီးကျေးရွာဝန်းကျင်ကနေ ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မေ ၁၈ ရက်နေ့မှာ ကလေးမြို့ ကနေ ချင်းပြည်နယ်ကို စတင်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မေ ၂၁ ရက်နေ့ကစ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
မေ ၂၁ ရက်နေ့က ချင်းပြည်နယ်ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်ကောင်စီအဖွဲ့ဝင် ၆ ဦးဟာ သေနတ် ၂ လက်ယူဆောင်ပြီး ကလေးမြို့ပြ ပျောက်ကြားစီမံချက် UG အဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ လက်ရှိအချိန်ထိ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးထက်မနည်း အရှင်ဖမ်းမိပြီး ၊ လက်နက်တွေပါသိမ်းဆည်းရမိခဲ့တာကို ဒေသတွင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ အသေးစိတ်သိရှိရ ခြင်း မရှိသေးပါဘူး။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းကို ကလေးမြို့ ကိုးမိုင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။
“ညတွေပစ်တဲ့အခါတော့ တဒိန်းဒိန်းပဲ ။ နေ့ဆိုရင်တော့ အသံကတိုးတယ်”
လို့ ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ချင်းပြည်၊ တီးတိန်မြို့နယ် တိုက်ပွဲအတွင်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
ဇွန် ၂၆ ရက်နေ့ တိုက်ပွဲမှာ CNA ရဲဘော် ၁ ဦးနဲ့ CDF CDM – Siyin က ရဲဘော် ၁ ဦးကျဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ကနေ တီးတိန်မြို့နယ်ထဲကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို CDF CDM Siyin ၊ CNA ၊ CDF – KKG၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ချင်းညီနောင်အဖွဲ့ဝင် PDF – Zoland ၊ CNDF တို့က ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ချင်းပြည်တောင်ပိုင်းက စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာခဲ့ပြီး ချင်ပြည်နယ်မြောက်ပိုင်းက ထန်တလန်၊ ဟားခါး၊ တီးတိန်မြို့ တွေမှာသာ စစ်ကောင်စီတပ်တွေ ရှိတော့တာဖြစ်ပါတယ်။
1 comment
👍